(က)-၁၉၉၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၂၀ ဦး နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-22

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအမှတ်၊ နဝတရဲ့ (၁၄/၈၉)အရ ၁၉၉၀ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့မှာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲ ရလဒ်ကိုလည်း နိုင်ငံတော်က ပြန်တမ်းထုတ်ပြီးတော့ အသိအမှတ်ပြုခဲ့ပါတယ်။ သို့သော် ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၃ မှာ ပါတဲ့ လွှတ်တော်ဖွဲ့စည်းခြင်းကိုတော့ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါဘူး။ အဲဒီမှာ ဒီ မစ္စတာဂန်ဘာရီနှင့် မြန်မာနိုင်ငံပြောရေးဆိုခွင့်ရှိသူများ တွေ့ကြတဲ့ ၈-၃-၂၀၀၈ ခုနှစ်မှာ ၁၉၉၀ ပြည့်နှစ်၊ ရွေးကောက်ပွဲရလဒ်အရ ကွယ်လွန်သူ၊ နှုတ်ထွက်သူ၊ အရည်အချင်း ပျက်ယွင်းသူ၊ တည်ဆဲဥပဒေဖောက်ဖျက်သဖြင့် ပြစ်ဒဏ်ကျခံရသူ၊ တစ်သီးပုဂ္ဂလအဖြစ်ပြောင်းလဲသွား သူအားလုံးကလွဲရင် လက်ကျန်ကိုယ်စားလှယ် NLD လွှတ်တော်ကိုယ်စားလှယ်များအပြင် တစ်သီး ပုဂ္ဂလနှင့် အခြားပါတီများမှ လွှတ်တော်ကိုယ်စားလှယ် ၁၂၀ ကျန်ခဲ့ကြောင်း ဖြေကြားခဲ့တာကို ကျွန်တော်မှတ်သားထားပါတယ်။ အဲဒီ ကျန်ခဲ့တဲ့ ၁၂၀ ထဲမှာ တစ်ချိန်တုန်းက ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင်ကကို တပ်မတော်ကိုပျိုးထောင်ခဲ့သူ ငါးယောက် အကြောင်းပြောခဲ့ပါတယ်။ အဲဒီ ငါးယောက်ထဲမှာ ဗိုလ်ချုပ်အောင်ကြီး၊ ဗိုလ်ချုပ်တင်ဖေ၊ ဗိုလ်ချုပ် မောင်မောင်၊ ဗိုလ်မှူးချုပ်ကျော်ဇော၊ ဗိုလ်မှူးချုပ်အောင်‌ရွှေတို့ ပါခဲ့ပါတယ်။ အငြိမ်းစား ဗိုလ်မှူးချုပ်အောင်‌ရွှေဟာ အခု အသက် ၉၅ နှစ်အရွယ်အထိ တရားဝင်လွှတ်တော်ကိုယ်စားလှယ် ၁၂၀ မှာ ပါဝင်ခဲ့တဲ့ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့မျက်မှောက် အသက် ထင်ရှားရှိတုန်းကာလမှာ ဒီမေးခွန်းကို မေးသင့်တယ်လို့ ကျွန်တော် ရိုးသားစွာယုံကြည်တဲ့အတွက် ဒီမေးခွန်းကိုမေးရခြင်း ဖြစ်ပါတယ်။ လေးစားအပ်သော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်‌့ မေးခွန်းကတော့ ၁၉၉၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်အရ နှစ်ပေါင်း ၂၀ ခန့် ရပ်တည်ခဲ့သော တရားဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ၁၂၀ ဦးနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရက တစ်နည်းနည်းဖြင့် အသိအမှတ်ပြုရန် အစီအစဉ်ရှိပါသလား။ ရှိပါက ပြည်ထောင်စုအစိုးရက မည်သို့ဆောင်ရွက်ပေးပါမည်နည်း။ မဆောင်ရွက်ပေးနိုင်ပါက အဘယ်ကြောင့်နည်းကို သိလိုပါကြောင်း မေးမြန်းပါသည်။