(င)-မြေပုံ-မင်းပြားလမ်းအား ကတ္တရာခင်းရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
မြေပုံ-မင်းပြားကားလမ်းဟာ ၂၇ မိုင်နဲ့ ၄ ဖာလုံရှည်လျား ပြီးတော့ ရွာပေါင်း ၁၅ ရွာအပါအဝင် မြေပုံနှင့်မင်းပြားမြို့များကို ဆက်သွယ်ထားတဲ့ တစ်ခုတည်းသော လမ်းဖြစ်ပါတယ်။ မြေပုံမြို့ဟာ သီးခြားကျွန်းလေးတစ်ခုဖြစ်တဲ့ ကြက်ဆင်ကျွန်းရဲ့တောင်ဘက်စွန်းမှာ တည်ရှိပါတယ်။ ကြက်ဆင်ကျွန်းရဲ့တောင်ဘက်မှာ ဟန်တားပင်လယ်အော်ရှိပြီးတော့ မြောက်ဘက် မှာတော့ ကြက်ဆင်မြစ်ခြားပြီးတော့ မင်းပြားမြို့တည်ရှိပါတယ်။ လေးမြို့မြစ်ဟာ ကျွန်းရဲ့မြောက်ဘက် ထိပ်မှာ မြစ်နှစ်သွယ်ခွဲထွက်သွားပြီးတော့ ကျွန်းကိုအရှေ့၊ အနောက်နှစ်ဘက်ညှပ်စီးဆင်းပြီး ဟန်တား ပင်လယ်အော်ထဲကိုစီးဝင်ပါတယ်။ ကြက်ဆင်ကျွန်းဟာ သီးခြားကျွန်းလွတ်တစ်ခုဖြစ်လာပြီး မြေပုံ-မင်းပြားကားလမ်းဟာ ကျွန်းရဲ့တောင်နဲ့မြောက်ကို အလျားလိုက်ဖောက်လုပ်ထားတဲ့လမ်းဖြစ်ပါတယ်။ ဒီလမ်းရဲ့အရှည် ၇ မိုင်ခန့်ဟာ ြမေပုံမြို့နယ်အတွင်းကျရောက်ပြီးတော့ ကျန်မိုင် ၂၀ ခန့်ဟာ မင်းပြား မြို့နယ်အတွင်း ကျရောက်ပါတယ်။ မင်းပြားမြို့ဟာ ရန်ကုန်-စစ်တွေကားလမ်းမကြီးပေါ်မှာရှိလို့ မြေပုံမြို့အတွက် မင်းပြားမြို့နယ်ရော အခြားမြို့နယ်အတွက်ပါဆက်သွယ်ရာမှာ ဒီလမ်းဟာ မရှိမဖြစ် လိုအပ်တဲ့လမ်းလည်းဖြစ်ပါတယ်။ ဒီလမ်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်၊ ၃၀ လောက်ကတည်းက ပါတီကောင်စီခေတ်မှာ ကိုယ်ထူကိုယ်ထစလုပ်ခဲ့ရတာဖြစ်ပေမယ့် ယခုအချိန်အထိ ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေ တအိအိဒယိမ်းဒယိုင်နဲ့ သွားလာနေတဲ့ ကျောက်ခင်းလမ်းအဖြစ်သာ ရှိပါသေးတယ်။ တချို့လမ်းအပိုင်းတွေမှာဆိုရင် မြေသားလမ်းအဖြစ်သာ ရှိနေကြောင်းလည်းသိရပါတယ်။ လမ်းချိုင့် တွေ၊ ချောက်တွေ၊ ခနော်ခနဲ့တံတားတွေကြောင့် မကြာခဏယာဉ်များတိမ်းမှောက်ပြီး လူတွေအနာတရ ဖြစ်ကြရပါတယ်။ အဓိကကတော့ ကတ္တရာလမ်းမခင်းပေးလို့ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ဒေသနဲ့ပတ်သက်လို့ အချက်နှစ်ချက်ကို လိုအပ်မယ်ထင်တဲ့အတွက် တင်ပြ လိုပါတယ်။ ပထမအချက်က ကြက်ဆင်ကျွန်းရဲ့ မြောက်ဘက်ထိပ်ကနေပြီးတော့ မင်းပြားမြို့ဘက်ကို ကူးတဲ့အခါမှာ တံတားမရှိတာကြောင့် လှေအကြီးနှစ်စီးကိုပူးပြီးတော့ ဇက်ဖောင်လုပ်ပြီးတော့ လူတွေ၊ ဝန်တွေ၊ ဆိုင်ကယ်တွေကိုပို့ပေးရပါတယ်။ တစ်ဖက်ကမ်းမှာ ကားကအဆင်သင့်စောင့်ပြီး ခရီးဆက် ကြရပါတယ်။ မြစ်ကကျဉ်းပေမယ့် တစ်ဖက်မြစ်ကမ်းပါးဟာ ရေတိုက်စားလို့ ကမ်းပါးပြိုလေ့ရှိတာ ကြောင့် တံတားထိုးရခက်တယ်လို့ သိရှိရပါတယ်။ ဒီအချက်ကြောင့် ဒီလမ်းကိုပြုပြင်ရေးမှာ အဟန့်အတားတစ်ခုဖြစ်လာမှာကိုစိုးလို့ တင်ပြရခြင်းဖြစ်ပါတယ်။ တံတားထိုးနိုင်ရင်ကောင်းပေမယ့် မထိုးနိုင်ရင်လည်း လက်ရှိအတိုင်း ခရီးဆက်လို့ဖြစ်ပါတယ်။ နဝဒေးတံတားကြီးမရှိခင်က ပြည်နဲ့ဆင်တဲ ကမ်းကို ဒီလိုပဲ နှစ်ပေါင်းများစွာကူးခဲ့ကြရပါတယ်။ ဒုတိယအချက်က ရန်ကုန်-စစ်တွေလမ်းမကြီးကနေ မြေပုံမြို့နယ်၊ ခါးပိုက်ချောင်းကျေးရွာအနီးက လမ်းခွဲတစ်ခုဖောက်ပြီးမြေပုံမြို့ကို ဆက်သွယ်ပေးဖို့အစီ အစဉ်ရှိတယ်လို့ ကြားသိရပါတယ်။ ဒီလမ်းက အခုအထိမစရသေးတဲ့အပြင် မြစ်ကူးတံတားကြီး နှစ်စင်းလည်း တည်ဆောက်ရမှာဖြစ်လို့ အချိန်များစွာကြန့်ကြာမှာဖြစ်ပါတယ်။ အဲဒီလမ်းဟာ ြမေပုံ မြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ရွာများနဲ့အမ်းမြို့နယ်ဘက်ကိုသွားရာမှာ ပိုမိုအဆင်ပြေလွယ်ကူစေ မှာဖြစ်ပါတယ်။ မင်းပြားမြို့ကိုသွားမယ်ဆိုရင်တော့ ယခုလက်ရှိလမ်းထက် သုံးဆလောက်ဝေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလမ်းကလည်း လိုအပ်ပေမယ့် မင်းပြား-မြေပုံလမ်းပြုပြင်ရေးမှာတော့ အဟန့်အတားတစ်ခု မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ ဒီမင်းပြား-မြေပုံကားလမ်းဟာ မြို့နှစ်မြို့ကို ဆက်သွယ်ထားတဲ့လမ်းဖြစ်တဲ့အပြင် ရှိနေပြီးသားလမ်းတစ်လမ်းလည်းဖြစ်တာကြောင့် တကယ်လည်း လုပ်ပေးသင့်၊ ပြုပြင်ပေးသင့်တဲ့လမ်းဖြစ်ပါတယ်။ မြေပုံမြို့နယ်သူ၊ မြို့နယ်သားတွေရော၊ မင်းပြား မြို့နယ်သူ၊ မြို့နယ်သားတွေရော အထူးလိုလားတောင့်တနေကြတဲ့လမ်းလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်စားလှယ်တော်ကြီး အိမ်အပြန်မျက်နှာပန်းလှစေဖို့ ဒီမေးခွန်းလေးတော့ အဆင်ပြေနိုင်ပါစေလို့ ဆုတောင်းရင်းနဲ့ ကျွန်တော်ရဲ့မေးခွန်းကို တင်ပြပါမယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အရှည် ၂၇ မိုင်၊ ၄ ဖာလုံရှိသော မင်းပြား-မြေပုံကျောက်ခင်းလမ်းအား ကားကြီး၊ ကားငယ်လွယ်ကူချောမွေ့စွာ၊ ဘေးအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် ကတ္တရာလမ်းခင်းပေးနိုင်ပါသလား။ ခင်းပေးနိုင် မည်ဆိုပါက မည်သည့်အချိန်တွင် စတင်ခင်းပေးမည်ဖြစ်ကြောင်းနဲ့ အကယ်၍မခင်းပေးနိုင်ပါက ဤအခက်အခဲအားမည်သို့ ကူညီဖြေရှင်းပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။