(က)-နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် လူမျိုးအမည်ရေးသွင်းမှုနှင့် စပ်လျဉ်းသည့်မေးခွန်း
ယခုအခါမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနကနေဆောင်ရွက်ပေးနေတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဖြေလျော့ဆောင်ရွက်ပေးမှုကြောင့် ပြည်သူများ ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြပါတယ်။ အခုလို ဆောင်ရွက်ပေးလျက်ရှိရာမှာ တိုင်းရင်းသားလူမျိုးအမည်စာရင်းရေးသွင်းတဲ့နေရာမှာ မျိုးနွယ်စုတစ်မျိုးချင်းရဲ့ နေထိုင်ရာနယ်မြေ ဒေသစကားပြောသံ၊ လေယူလေသိမ်းနဲ့ ရိုးရာဓလေ့ခံယူကျင့်သုံးမှုများ အနည်းငယ်ကွဲပြားမှုစသည် တို့ကြောင့် တိုင်းရင်းသားမျိုးနွယ်စုတစ်စုတည်းပင်ဖြစ်သော်လည်း ကွဲပြားသောလူမျိုးနာမည်များ ရေးသွင်းနေတာကိုတွေ့ကြရပါတယ်။ သာဓကအနေနဲ့တင်ပြရမယ်ဆိုရင် ရှမ်းလူမျိုးကို ရှမ်းလို့ တစ်လုံးတည်းဖော်ပြရင်ရနိုင်ပေမယ့် ရှမ်းကြီး၊ မောရှမ်း၊ ရှမ်းတရုတ်၊ လိုက်လျှန်(ခ)ရှမ်းနီ၊ ရှမ်းဗမာ၊ ကုန်ရှမ်း၊ လုရှမ်း၊ ခန္တီး စသည်ဖြင့်လည်းကောင်း၊ ကချင်လူမျိုးဆိုရင်လည်း ဂျိန်းဖော၊ မရူ၊ မစီး၊ လဝမ်၊ လချိတ်၊ လဝေါ်စသည်ဖြင့်လည်းကောင်း၊ ကရင်လူမျိုးဆိုရင်လည်း စကောကရင်၊ ပိုးကရင်စသည်ဖြင့် ချင်းလူမျိုးဆိုရင်လည်း ဟူမီးချင်း၊ ဇိုမီးချင်းစသည်ဖြင့် ရေးသွင်းမှုများရှိနေတာကို မြင်တွေ့ကြားသိ နေရပါတယ်။ ကတ်ပြားလုပ်ပေးတဲ့သူဝန်ထမ်းတွေရဲ့ အမှတ်မထင်ရေးဖြည့်မှု၊ တိကျတဲ့ညွှန်ကြားချက် မရှိမှုတို့ကြောင့် တချို့လူမျိုးနာမည်တွေဟာ နားလည်မှုလွဲမှားစရာ ဖြစ်လာပါတယ်။ ဥပမာအနေနဲ့ ပြရမယ်ဆိုရင် ၁၉၈၉ ခုနှစ်တုန်းက နိုင်ငံသားစိစစ်ရေးကတ်ပြား စတင်လဲလှယ်လုပ်ပေးစဉ်အခါမှာ လုပ်အားပေးသူက ရှမ်း-တရုတ်လူမျိုးလို့ လူမျိုးနာမည်ရေးသွင်းခံရတဲ့ပုဂ္ဂိုလ်ဟာ ရှမ်းလူမျိုးတွေ အခေါ်အရ အထက်ပိုင်းမှာနေတဲ့ ရှမ်းဖြစ်တဲ့ တိုင်းတွေအခေါ် မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ရဲ့ ဌာနေနိုင်ငံသားစစ်စစ်ဖြစ်ပါရဲ့နဲ့ နိုင်ငံခြားသားကတ်ပြားဖြင့် သားစဉ်မြေးဆက် ယုံမှား သံသယဖြစ်ခြင်းခံရတာကို တွေ့မြင်ရပါတယ်။ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းနှစ်ခုကို သက်ဆိုင်ရာမှ ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ ကျွန်တော်မေးလိုတဲ့ မေးခွန်းနှစ်ခုကတော့ (၁) နိုင်ငံသား စိစစ်ရေးကတ်ပြားများရဲ့ လူမျိုးအမည်ရေးသွင်းရာမှာ တိုင်းရင်းသားလူမျိုးအမည်ရေးသွင်းရန်အတွက် တိကျမှန်ကန်သော ညွှန်ကြားချက်များကို ဝန်ကြီးဌာနကထုတ်ပြန်ပေးထားခြင်း ရှိ၊ မရှိ။ မရှိသေးပါက ထုတ်ပြန်ပေးနိုင်ခြင်းရှိ၊မရှိနှင့် (၂) မျိုးနွယ်စုတူညီသော တိုင်းရင်းသားများအား မျိုးနွယ်စုငယ်နာမည်များ ခွဲခြားရေးသားထည့်သွင်းခြင်းအစား မျိုးနွယ်စုရင်းနာမည်ကိုသာ ရေးသွင်းစေနိုင်ရန် သတ်မှတ်ညွှန်ကြား ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။