(က)-စာချွန်တော်အမိန့်များထုတ်ဆင့်ခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၆)၊ ပုဒ်မ ၂၉၄ ဖြင့် နိုင်ငံတော်၏အမြင့်ဆုံးတရားရုံး ဖြစ်သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ဖွဲ့စည်းပေးခဲ့ပြီး ပုဒ်မ ၂၉၅ ဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မူလစီရင်ပိုင်ခွင့်အာဏာများကိုလည်း အပ်နှင်းထားပြီးဖြစ်သလို ပုဒ်မ ၂၉၆(က)တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အောက်ဖော်ပြပါ စာချွန်တော်အမိန့်များကို ထုတ်ပိုင်ခွင့်အာဏာရှိကြောင်း ဖော်ပြထားသည်ကိုတွေ့ရပါတယ်။ ၎င်းတို့မှာ ရှေ့တော်သွင်း စာချွန်တော်အမိန့်၊ အာဏာပေးစာချွန်တော်အမိန့်၊ တားမြစ်စေစာချွန်တော်အမိန့်၊ အာဏာပိုင်ပေး စာချွန်တော်အမိန့်၊ အမှုခေါ်စာချွန်တော်အမိန့်တို့အား ထုတ်ပိုင်ခွင့်အာဏာများ အပ်နှင်းထားသည်ကို တွေ့ရပါတယ်။ အဆိုပါ အထက်ဖော်ပြပါ စာချွန်တော်အမိန့်များ ထုတ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် မည်ကဲ့သို့ဆောင်ရွက်လျက်ရှိကြောင်းကို သိလိုပါကြောင်း မေးမြန်းပါသည်။