(က)-တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(မန္တလေး)သို့ တက်ရောက်ရန်အတွက် မချမ်းဘောမြို့နယ်မှ တိုင်းရင်းသားလူငယ် ငါးဦးစေလွှတ်ရန် ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးမှ ညွှန်ကြားလာသဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် လူငယ်ငါးဦးကို ရွေးချယ်စေလွှတ်ခဲ့ပါတယ်။ အဆိုပါ ကျောင်းသားလူငယ်များအနက် နှစ်ဦးသည် ပြည်နယ်အဆင့်၌ အပယ်ခံရပြီး ကျန်သုံးဦးသည် မန္တလေးဒီဂရီကောလိပ်သို့ရောက်ရှိပြီးမှကျောင်းတက်ခွင့်မရဘဲပြန်လာခဲ့ရပါတယ်။ ယင်းကျောင်းသား များသည် သတ်မှတ်ထားသောအရည်အချင်းပြည့်မီသူများဖြစ်ပြီး စိစစ်ရေးအဖွဲ့နဲ့ ကိုယ်တွေ့စစ်ဆေးခံ ရာ၌အရွေးမခံရကြောင်း စုံစမ်းသိရှိရပါတယ်။ ထို့ကြောင့် မေးခွန်း(၁) ဝေးလံခက်ခဲသော နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်သို့ တက်ရောက်သင်ကြားခွင့်မရသည်မှာအဘယ်ကြောင့်နည်း။ မေးခွန်းနံပါတ်(၂) မြန်မာ နိုင်ငံ၏မြောက်ဘက် နယ်စွန်နယ်ဖျားဒေသဖြစ်သော မချမ်းဘောမြို့နယ်၊ နောင်မွန်းမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်များမှ လူငယ်များ အဆိုပါ ဒီဂရီကောလိပ်များသို့ တစ်ဦးတစ်ယောက်မျှ တက်ရောက် နိုင်ခြင်းမရှိသေးတဲ့အတွက် နောင်နှစ်များတွင်လည်း နယ်စပ်တိုင်းရင်းသားလူငယ်များ တက်ရောက်ပညာသင်ကြားနိုင်ရန် အခွင့်အလမ်းများရှိနိုင်ပါမည်လား သိလိုပါကြောင်း မေးမြန်း ပါသည်။