(ဂ)-နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းတွင်ကွန်ကရစ်ရေကျော်လမ်းများပြုလုပ်ပေးရန်နှင့်စပ်လျဉ်းသည့် မေးခွန်း
နတ်မောက်မြို့နယ်ဟာ နဂိုကလမ်းပိတ်နေတဲ့ မြို့တစ်မြို့ဖြစ်နေခဲ့ရာက ယခုအခါမှာ နတ်မောက်မှ မကွေးသို့လည်းကောင်း၊ နတ်မောက်မှ မိတ္ထီလာသို့လည်းကောင်း၊ နတ်မောက်မှ ကျောက်ပန်းတောင်းသို့လည်းကောင်း၊ နတ်မောက်မှ ပျော်ဘွယ်သို့လည်းကောင်း၊ နတ်မောက်မှ မြို့သစ်သို့လည်းကောင်း လမ်းကြောင်းများ ကတ္တရာလမ်းအဆင့်တိုးမြှင့်ခဲ့ပြီးတော့ လမ်းဆုံမြို့တစ်မြို့ကဲ့သို့ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့်ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်မှ မော်တော်ယာဉ် များလည်း သွားလာလျက်ရှိတာကို တွေ့ရှိနေရပါတယ်။ မကွေး-ကံမ-နတ်မောက်-ရွာမွန်-ပျော်ဘွယ် လမ်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့တဲ့အတွက်လည်း ဒေသခံပြည်သူများအနေနဲ့ အလွန်ဝမ်းသာပီတိ ဖြစ်ရပါတယ်ခင်ဗျား။ နိုင်ငံတော်က နတ်မောက်-ပျော်ဘွယ်လမ်းပေါ်မှာရှိတဲ့ ကျားဖူးချောင်းတံတား တည်ဆောက်နေတဲ့အတွက်လည်း ဒေသခံပြည်သူများ ကျေနပ်အားရဝမ်းသာ ပီတိဖြစ်နေကြောင်း တင်ပြအပ်ပါတယ်။ ဒါပေမယ့် နတ်မောက်-မကွေး ဆက်သွယ်သောလမ်းပိုင်းမှ သက္ကယ်ချင်းချောင်း ရေကျော်နှင့် တံခွန်တိုင်ချောင်း (ခေါ်) ရေယိုချောင်းမှာလည်းကောင်း၊ နတ်မောက်-ပျော်ဘွယ် ဆက်သွယ်သောလမ်းပိုင်းမှ လေးအိမ်ချောင်း၊ ဝါးကုတ်ချောင်းနဲ့ ကျွဲမကျချောင်းတို့မှာလည်းကောင်း ကွန်ကရစ်ရေကျော်များတည်ဆောက်ရန် ကျန်ရှိနေပါသေးတယ်ခင်ဗျား။ အထူးသဖြင့် တင်ပြ ရမယ်ဆိုရင် နတ်မောက်-မကွေးလမ်းပိုင်းမှ တံခွန်တိုင်ချောင်း (ခေါ်) ရေယိုချောင်း၊ နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှ ဝါးကုတ်ချောင်းနှင့် ကျွဲမကျချောင်းများမှာသွားလာသော မော်တော်ယာဉ် များအား အတော်ဒုက္ခပေးတဲ့ချောင်းတွေဖြစ်ပါတယ်။ နွေအခါမှာပဲ သဲကျွံ၊ သဲနစ်တဲ့ချောင်းများ ဖြစ်ကြတဲ့အတွက် ၎င်းချောင်းများအတွက် အဆင့်တိုးမြင့်ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။