(ည)-မြန်မာနိုင်ငံမှ ပညာရှင်များ ပြည်ပနိုင်ငံများသို့ ထွက်ခွာမှုနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် ခေတ်အဆက်ဆက်ပြောင်းလဲလာခဲ့ရာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စ၊ အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံသားအသိပညာရှင်၊ အတတ်ပညာရှင် မြောက်မြားစွာတို့ သည် ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားခဲ့ကြသဖြင့် Brain Drain ဖြစ်ပြီးတော့ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် များစွာထိခိုက်နစ်နာ ဆုံးရှုံးခဲ့ရပါတယ်။ ဥပမာတစ်ခုအနေနဲ့ တင်ပြရလျှင် လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ မြန်မာနိုင်ငံမှ အခြေခံပညာအထက်တန်းကို ထူးချွန်စွာအောင်မြင်ပြီးတော့ စင်္ကာပူနိုင်ငံမှာရှိတဲ့ ပိုလီတက္ကနစ်ကျောင်းတွေမှာ သုံးနှစ်ခန့် နည်းပညာများ သင်ကြားအောင်မြင်ရုံဖြင့် စင်္ကာပူနိုင်ငံံမှ အလုပ်တွေပေး PR လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့်တွေပေးပြီး အချို့ကို နိုင်ငံသားများအဖြစ် အသိအမှတ်ပြုပြီးတော့ စင်္ကာပူနိုင်ငံကို အလုပ်အကြွေးပြုပေးနေတဲ့ မြန်မာပြည်မှ အတတ်ပညာရှင်၊ အသိပညာရှင်သုံးသောင်းမှ လေး‌သောင်းခန့်အထိရှိကြောင်း လေ့လာသိရှိရ ပါတယ်။ ဒီ အသိပညာရှင်၊ အတတ်ပညာရှင် သုံး၊ လေးသောင်းခန့်မှာ မြန်မာနိုင်ငံမှ အခြေခံပညာ အထက်တန်းစာမေးပွဲကို အောင်မြင်ခဲ့တဲ့သူများဖြစ်တဲ့အတွက်ကျွန်တော်တို့ နိုင်ငံတော်မှကုန်ကျခဲ့တဲ့ ငွေကြေးများ၊ အချိန်များ အားလုံးကအလဟဿဖြစ်သလို ဖြစ်သွားပါတယ်။ ယခုအခါ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ပြောင်းလဲချီတက် နေပြီဖြစ်ရာ ပြည်သူလူထု၏ အကျိုးစီးပွားအတွက်လည်းကောင်း၊ နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုး တိုးတက်စေရေးအတွက်လည်းကောင်း၊ မြန်မာနိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်များအား ပြည်ပနိုင်ငံများသို့ ထွက်ခွာခြင်းမပြုဘဲ မိမိနိုင်ငံနဲ့လူမျိုးအား အလုပ်အကြွေးပြုနိုင်ရန်အတွက် လိုအပ်သလို ဆောင်ရွက်ရန်လည်းကောင်း ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေကြသော ထူးချွန် ထက်မြတ်သည့် အသိပညာရှင်များ၊ အတတ်ပညာရှင်များအား မိမိတို့၏ အမိမြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူကာ တိုင်းပြည်နှင့်လူမျိုးအတွက် ကျရာတာဝန်ကို အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် နိုင်ငံသားတိုင်း ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို ဆောင်ရွက်ခွင့် ရရှိအောင်နိုင်ငံတော်အစိုးရမှ စီမံချက်တစ်ရပ်ချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် စပ်လျဉ်း၍ ကျွန်တော် မေးမြန်းလိုတဲ့ မေးခွန်းကတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ကူးပြောင်းခဲ့ပြီဖြစ်၍ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွား အတွက် မြန်မာနိုင်ငံမှပြည်ပနိုင်ငံများသို့ ပညာရှင်များ မထွက်ခွာအောင်၊ ထွက်ခွာသွားပြီးဖြစ်သော ပညာရှင်များအား အမိမြန်မာပြည်သို့ ပြန်လည်ရောက်ရှိအောင် နိုင်ငံတော်အစိုးရမှ စီမံချက်တစ်ရပ် ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။