(ခ)-နယ်စပ်ဒေသ တည်ငြိမ်ဖွံ့ဖြိုးရေးနှင့် စပ်လျဉ်းသည့်မေးခွန်း
ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် လက်ရှိဖြစ်ပေါ်လျက်ရှိတဲ့ တိုက်ပွဲများကြောင့် ဒေသခံပြည်သူများအနေနဲ့ အိုးစွန့် အိမ်ခွာ စစ်ပြေးဒုက္ခသည်များအဖြစ် ရပ်ရွာဒေသကိုစွန့်ခွာပြီး များစွာဒုက္ခရောက်နေကြပါတယ်။ သူတို့ အနေနဲ့လည်း ဒီလိုခါးသီးလှတဲ့ ဆင်းရဲဒုက္ခကနေ လွတ်မြောက်လိုကြပါတယ်။ ဆင်းရဲဒုက္ခကြောင့် ကျလာတဲ့မျက်ရည်၊ ငတ်မွတ်နေတဲ့ဒုက္ခ၊ ပူပင်နေတဲ့ သောကတွေကို နိုင်ငံတော်က အမြန်ဆုံး အဆုံးသတ်ပေးဖို့ အချိန်တန်ပါပြီ။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန် အရေးသုံးပါးသည် ယခု ဖြစ်ပေါ်လျက်ရှိတဲ့ ဒေသဆိုင်ရာပဋိပက္ခမှာ များစွာ အခြေခံကျပါတယ်လို့ ယူဆပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု မတည်ဆောက်နိုင်သေးသမျှ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ဖော်ဆောင်နိုင်မှာမဟုတ်ပါ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မဖော်ဆောင်နိုင်သေး သမျှ ပြည်ထောင်စုမပြိုကွဲရေးကို စွမ်းဆောင်နိုင်မည်မဟုတ်ပါ။ ပြည်ထောင်စု မပြိုကွဲရေး လက်တွေ့ မဆောင်ရွက်နိုင်သေးသမျှ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟာ များစွာစိုးရိမ်စရာရှိနေပါသေး တယ်။ သို့ပါ၍ လူမှုရေးဖက်တွင် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခရဲ့အဓိက အကြောင်းရင်းသည် ယုံကြည်မှုကင်းမဲ့နေကြခြင်းဖြစ်ပါ၍ တစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်ပါလျှင် ပဋိပက္ခရဲ့ အကြောင်းရင်းများ ကွယ်ပျောက်လျက် အတူတကွပူးပေါင်းဆောင်ရွက်ခြင်း၊ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်သက်ဝင်ချစ်ခင်လေးစားမှုရှိခြင်း၊ အပြန်အလှန် ရင်းနှီးချစ်ကြည်ခြင်းဟူသော မေတ္တာစိတ်ထား တွေ၊ မေတ္တာဓာတ်တွေနဲ့ နိုင်ငံအကျိုးကို အတူတကွ သယ်ပိုးဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီ အချိန်ကျရင် ကမ္ဘာမှာမြန်မာဟေ့လို့ တိုင်းရင်းရွှေစည် နာမည်ကြီးများအားလုံး ကြွေးကြော်နိုင်ပါပြီ။
ပဋိပက္ခအကြောင်းနှင့် ပတ်သက်၍လည်း ပဋိပက္ခဟူသည် အကြောင်းအမျိုးမျိုးနဲ့ နှီးနွယ်ဆက်စပ်နေတဲ့ ဖြစ်စဉ် ဖြစ်ရပ်
တစ်ခုဖြစ်လေရာ လက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်သူများနစ်နာဆုံးရှုံးရသလို လက်နက်မပါတဲ့ လူမှုပဋိပက္ခကြောင့်လည်း ပြည်သူများနစ်နာဆုံးရှုံးရတာ များစွာရှိပါတယ်။ သာဓကအဖြစ်ဖော်ပြရရင် နိုင်ငံတော်ရှိကျေးလက်ဒေသတချို့မှာ တောင်သူလယ်သမားတချို့ဟာ ဘိုးဘေးလက်ထက်က ဆင့်ကဲ လုပ်ကိုင်လာခဲ့တဲ့ လယ်မြေတွေအသိမ်းခံရပြီး လယ်ရှိဘဝကနေ လယ်မဲ့ဘဝကို ရောက်ရှိသွားကြ ပါတယ်။ ငွေကြေးတတ်နိုင်တဲ့ လုပ်ငန်းရှင်များ၊ ကုမ္ပဏီပိုင်ရှင်များနှင့် တချို့သောဒေသဆိုင်ရာ အာဏာပိုင်များရဲ့ နှစ်ရှည်သီးနှံစိုက်ပျိုးခြင်း၊ ငါးမွေးမြူခြင်း၊ စက်ရုံအလုပ်ရုံတည်ဆောက်ခြင်း၊ ဟိုတယ်တည်ဆောက်ခြင်း၊ တပ်လယ်ယာမြေအဖြစ် သိမ်းပစ်လိုက်ခြင်းတို့ကြောင့် လယ်ယာမြေ အသိမ်းခံ တောင်သူလယ်သမားများဟာ လယ်ယာဆုံး အလုပ်လက်မဲ့ဘဝအဖြစ်သို့ရောက်လို့ များစွာ ဆင်းရဲဒုက္ခရောက် နေကြပါတယ်။ အဲဒါကိုတော့ လက်နက်မဲ့ လူမှုပဋိပက္ခဖြစ်စဉ် တစ်ခုအဖြစ် အသိအမှတ် ပြုရမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာလည်း ငြိမ်းချမ်းရေးနဲ့အလှမ်းကွာဝေးစေတဲ့ အရေးကြီး ဖြစ်စဉ်တစ်ခုဖြစ်ပါကြောင်း။ လေးစားအပ်သောဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ အနှစ်ချုပ်ရမယ်ဆိုရင် ပဋိပက္ခဟူသည် လက်နက်ကိုင်ပဋိပက္ခနဲ့ လက်နက်မပါတဲ့ လူမှု ပဋိပက္ခနှစ်မျိုးမှာ ဘယ်ပဋိပက္ခမှ ပြည်သူ့ကိုအကျိုးမပြုသလို ဆင်းရဲခြင်း၊ နစ်နာခြင်း၊ ဆုံးရှုံးခြင်း၊ ဒေါသစိတ်တွေ၊ အာဃာတစိတ်တွေကို ဆိုးရွားစေပြီး ဆိုးကျိုးတွေသာပေးစေပါတယ်။ လက်နက်ကိုင် ပဋိပက္ခတစ်ခုကို အောင်မြင်စွာ ဖြေရှင်းနိုင်ပြီးဖြစ်သော်လည်း ကျန်လူမှုပဋိပက္ခတစ်ခုကိုမဖြေရှင်း နိုင်သေးလျှင် ပြည်သူတွေဘဝဟာ ဆင်းရဲတွင်းမှာ နစ်မွန်းနေကြမှာ ဖြစ်ပါတယ်။ သို့ပါ၍ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများ အပါအဝင် လက်ရှိဖြစ်ပေါ်နေတဲ့ လူမှုလက်နက်ကိုင် ပဋိပက္ခများအပေါ် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးအတွက် နယ်စပ်ဒေသဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ မည်သို့စီစဉ် ဆောင်ရွက် ပေးလျက်ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။