(စ)-လမ်းတံတားကြေးကောက်ခံမှုများနှင့်စပ်လျဉ်းသည့်မေးခွန်း
ရွှေဘိုခရိုင်အတွင်းရှိ ရေဦး၊ ခင်ဦး၊ တန့်ဆည်မြို့များသည် ဆန်စပါးအဓိကစိုက်ပျိုး ထုတ်လုပ်သော မြို့နယ်များဖြစ်ပါတယ်။ စိုက်ပျိုးထုတ်လုပ်သော ဆန်များကို ဆန်လိုဒေသဖြစ်သော မုံရွာခရိုင်သို့ နေ့စဉ် ဆန်အိတ်ပေါင်း ၃၀၀၀ မှ ၅၀၀၀ အထိ ဒိုင်နာမော်တော်ယာဉ်များဖြင့် အစီးရေ ၅၀ ခန့်တင်ပို့ရောင်းချရပါတယ် ခင်ဗျား။ ဒိုင်နာမော်တော်ယာဉ်များ၏ တင်ဆောင်နိုင်သောဝန် အင်အား မှာဆန်အိတ် ၁၀၀၊ ငါးတန်ခန့် ဖြစ်ပါတယ်။ ယာဉ်နဲ့ကုန်တန်ချိန် ခုနစ်တန်ခန့် ဖြစ်ပါတယ်။ သွားလာနေရသည့် လမ်းတံတားများ၏ခွင့်ပြုချက်တန်ချိန်မှာ ၁၃ တန်ဖြစ်ပါတယ်။ လမ်းတံတားများ၏ ခွင့်ပြုတန်ချိန်အတွင်းမှသာ သယ်ယူပို့ဆောင်ခြင်းဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ လမ်းတံတားဂိတ်များတွင် သတ်မှတ်ကောက်ခံကြေးထက် အပိုကြေးများပေး၍ ဆန်များတင်ပို့သွား လာနေကြရပါတယ်။ ယခင်ဆန်တစ်အိတ်ကားဖြင့် သယ်ယူစရိတ် ၄၀၀ ကျပ်ရှိရာမှာ ယခု အပိုကြေး များပေးရသဖြင့် ၅၀၀ ကျပ်အထိပေးနေကြရပါတယ်။ သို့ပါ၍ အပိုကြေးပေးဆောင်ရခြင်းနဲ့ ပတ်သက် ၍သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်နေမှုအား မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။