(ဌ)-ဝမ်ပုံတံတားဖြတ်သန်းခနှင့် စပ်လျဉ်းသည့်မေးခွန်း
တာချီလိတ်မြို့မှာ တာချီလိတ် မြို့ကနေ မိုင်းဘုန်းခကျေးရွာအုပ်စုထိ ၂၂ မိုင်ရှိတဲ့လမ်းပေါ်မှာ ဝမ်ပုံလမ်းတံတား ဖြတ်သန်းခ ဆိုပြီးတော့ ဝါးတားဂိတ်တစ်ခုရှိပါတယ်။ ၎င်းဂိတ်ဖြတ်သန်းခအခွန်ငွေ ပေးဆောင်ရခြင်းမှာ ဆိုင်ကယ် တစ်စီးလျှင် အသွားအပြန်ထိုင်းဘတ်ငွေ ၄၀ ဘတ်၊ မြန်မာငွေအားဖြင့် ကျပ် ၁၂၀၀၊ ကားသေး တစ်စီးလျှင် အသွားအပြန်ထိုင်းဘတ်ငွေ ၁၀၀၊ မြန်မာငွေအားဖြင့် ကျပ် ၃၀၀၀ ကျသင့်တာကို တွေ့ရှိရပါတယ်။ ဒီလိုကောက်ခံခြင်းဟာ ပြည်သူများက ဒီ ၂၂ မိုင်ရှည်လျားတဲ့လမ်းပေါ်မှာ ၂ မိုင် ကျော်ကျော်လေးပဲ ခင်းထားပြီးတော့ အခွန်များကိုအဆမတန်ကောက်ခံတာ ၁၀ နှစ်ကျော်ပြီဖြစ်တဲ့ အတွက် ပြည်သူများအတွက် နစ်နာမှုရှိတာကို တွေ့ရှိရပါတယ်။ ၂၇-၉-၂၀၁၁ ခုနှစ် အစည်းအဝေး ၂၆ ရက်မြောက်နေ့မှာ နောင်ချိုမဲဆန္ဒနယ်ကိုယ်စားလှယ်တော်ကြီး ဦးကျော်မြင့်ရဲ့မေးခွန်းကို ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရဲ့ဖြေကြားချက်ထဲမှာ လမ်းဖောက်လုပ်ခြင်းက BOT နည်းအရ မိုင် ၄၀ ခန့်မှ အခွန် ကောက်ခံခြင်းကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုက ခွင့်ပြုမှာဖြစ်တယ်လို့ ဖြေကြားထားတာ လည်းတွေ့ရှိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ၁၀-၈-၂၀၁၁ ခုနှစ် ကျွန်တော်သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးဌာနထံ တင်ပြခဲ့သော်လည်း သက်ဆိုင်ရာက ဒီဂိတ်ဟာစာရင်းထဲမှာ မပါရှိဘူးလို့ ပြန်လည် ပြောကြားခဲ့ ပါတယ်။ ဒီလိုစာရင်းထဲမှာမပါရှိဘူးဆိုတာက နိုင်ငံတော်ဘဏ္ဍာငွေအတွက် ၁၀ နှစ်ကျော်တိုင်တိုင် နစ်နာဆုံးရှုံးခဲ့ရတယ်လို့ပဲ ကျွန်တော်ယူဆပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်းက ဒေသခံပြည်သူများက မိမိတို့ရဲ့အထွေထွေအလုပ်ကိစ္စနဲ့ ပတ်သက် ပြီးတော့ ၎င်းဂိတ်ကို နေ့စဉ်ဖြတ်သန်းသွားလာနေရပြီး ပေးဆောင်ရသော ဂိတ်ဖြတ်သန်းခသည် မတန်တဆများပြားနေသဖြင့် ဒေသခံပြည်သူများအတွက် နစ်နာမှုများရှိနေသည်ကို တွေ့ရှိရပါ သည်။ သို့ဖြစ်ပါ၍ ဤကိစ္စနဲ့ပတ်သက်၍ မည်သို့သောအစီအစဉ်များဖြင့် ပြုလုပ်ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။