(က)-ပုဂံရထားကို တိုက်ကြီးဘူတာတွင်ရပ်နားပေးရန်နှင့် ရန်ကုန်-လက်ပံတန်း ရထားခရီးစဉ်များ ပြန်လည် ပြေးဆွဲရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

တိုက်ကြီးမြို့နယ်သည် ရန်ကုန်မြို့နှင့် မီးရထားသံလမ်းမိုင် ၅၂ မိုင်ကွာဝေးပြီး ရထားလမ်း၊ ကားလမ်းဆုံ သော စည်ကားသည့်မြို့နယ် တစ်မြို့နယ်ဖြစ်ပါတယ်။ နိုင်ငံတော်မှ ရန်ကုန်-ပုဂံမီးရထားခရီးစဉ်ကို စီစဉ် ဆောင်ရွက်ပြီး ပြေးဆွဲစေခဲ့ရာ တိုက်ကြီးဘူတာကို မြို့မိမြို့ဖများနှင့်ပူးပေါင်း၍ အဆင့်မြှင့်တင် တည်ဆောက်ပေးခဲ့ပြီး ပုဂံရထားကို တိုက်ကြီးဘူတာတွင် ရပ်နားစေခဲ့ပါတယ်။ ယခုအခါ ပုဂံရထားသည် တိုက်ကြီးဘူတာတွင် မရပ်နားသည်မှာ အတော်ကြာပြီဖြစ်ပါတယ်။ မြို့နေပြည်သူများအနေဖြင့် ပုဂံရထား စီးနင်းနိုင်ရေးအတွက် ရန်ကုန်မြို့သို့သွားရောက်၍ စီးနင်းနေရပါတယ်။ သို့ဖြစ်ပါ၍ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာခရီးသွားလာနိုင်ရေးအတွက် တိုက်ကြီးဘူတာတွင် ပုဂံရထားကိုသတ်မှတ်ချိန် ၂ မိနစ်ခန့်ရပ်နားပေးနိုင်ရန်အစီအစဉ် ရှိ၊ မရှိ။ ရှိပါကမည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်။ မရှိပါကမည်သည့်အတွက်ကြောင့် မဆောင်ရွက်ပေးနိုင်သည်ကိုပြန်လည်ဖြေကြားပေးပါရန် လေးစားစွာ တင်ပြအပ်ပါတယ်။ လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ ဒုတိယကြယ်ပွင့်ပြမေးခွန်းဖြစ်သော ရန်ကုန်-လက်ပံတန်းခရီးစဉ်အား ပြန်လည်ပြေးဆွဲပေးပါရန်မေးခွန်းကို ဆက်လက်မေးမြန်းခွင့်ပြုပါခင်ဗျား။ တိုက်ကြီးမြို့နယ်ရှိ ပြည်သူများအနေဖြင့် နှစ်ပေါင်းများစွာကပင် ရန်ကုန်မြို့သို့သွားလာရာတွင် မီးရထားကိုသာအဓိကအားထားခဲ့ရပါတယ်။ ကားလမ်းနှင့်ဝေးကွာပြီး မီးရထားကိုသာအားထား        ရသော ကျေးရွာအုပ်စုများလည်းများစွာရှိပါတယ်။ ယခင်က ရန်ကုန်-လက်ပံတန်းလော်ကယ်ခရီးစဉ် ရှိခဲ့ဖူးပြီး ရပ်ဆိုင်းသွားသည်မှာ နှစ်ပေါင်းအတော်ကြာပြီဖြစ်ပါတယ်။ ၎င်းလော်ကယ်ရထားအစား ကားရထားဖြင့် အစားထိုးပြေးဆွဲပေးခဲ့သော်လည်း ၂၉-၁-၂၀၀၅ ခုနှစ်မှစ၍ ရပ်ဆိုင်းသွားသည်မှာ ယခုအချိန်ထိဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လုပ်သား ပြည်သူများ နေ့စဉ်အသွားအပြန် သက်သာချောင်ချိစွာဖြင့် စီးနင်းသွားလာနိုင်ရေးအတွက် လက်ပံတန်း-ရန်ကုန်လော်ကယ်မီးရထားခရီးစဉ်အား ပြန်လည်ပြေးဆွဲနိုင်ရန်အစီအစဉ် ရှိ၊ မရှိ။ ရှိပါက မည်သည့်ကာလတွင်ဆောင်ရွက်ပေးမည်။ မရှိပါကမည်သည့်အတွက်ကြောင့် မဆောင်ရွက်ပေးနိုင် သည်ကို မေးမြန်းပါသည်။