(ခ)-စက်ရုံများမှစွန့်ပစ်ရေများနှင့်စပ်လျဉ်းသည်‌့မေးခွန်း

2020-12-22

မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ရန်ကုန်မြို့တွင် စက်မှုဇုန်များစွာ ရှိသည့်အနက် အထင်ကရစက်မှုလုပ်ငန်းများ လည်ပတ်နေသော လှိုင်သာယာစက်မှုဇုန်မှ တချို့စက်ရုံ များရဲ့ စွန့်ပစ်ရေများတွင် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသော လူနှင့်တိရစ္ဆာန်များကို အဆိပ် အတောက်ဖြစ်စေသော Arsenic များအပြင် အခြားသတ္တုဓာတ်များ ပါဝင်နေပါတယ်။ ၎င်းသတ္တု ရည်များကို မြစ်ချောင်းထဲသို့ တိုက်ရိုက်စွန့်ပစ်ပါက ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာပြီး ရေသတ္တဝါ များကို အသက်အန္တရာယ်များ ဖြစ်နိုင်သည်အထိ ဒုက္ခပေးနိုင်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ပုဇွန်တောင်ချောင်းထဲမှာ ရေကျချိန်မှာငါးတွေပေါ်ပြီးတော့ သေဆုံးမျောနေတယ်ဆိုတာကို  လေ့လာ သိရှိရပါတယ်။ ဒီလိုငါးတွေ အစုလိုက်၊ အပြုံလိုက် သေဆုံးမျောပါတာမျိုးက ရေရဲ့ အရည်အသွေးကျဆင်းလာရင် ဒါမှမဟုတ် ဓာတုပစ္စည်းများများစားစား ချောင်းထဲကို စွန့်ပစ် ခြင်းကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ရရှိပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စွန့်ပစ်ဓာတုရည်များကို တွင်းတူးပြီး ဓာတုရည်များကိုထည့်၍ ဗေဒါ၊ ကနဖော့၊ ကြာပင်၊ ကန်စွန်းပင်စသည်တို့ကို မွေးမြူပြီး ထိုအပင်များကို အခြောက်ခံမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံအနေဖြင့်လည်း ပလိပ်ချည်မျှင်နှင့် အထည်စက်ရုံတွင် အထက်မှာတင်ပြခဲ့တဲ့နည်းကို ဆောင်ရွက်တယ်လို့ ဒါလေ့လာ သိရှိရပါတယ်။ ဒါ့ကြောင့် စက်ရုံများမှ ဓာတုဓာတ်များပါဝင်သောရေကို တိုက်ရိုက်စွန့်ပစ်ခြင်းကို ခွင့်မပြုစေဘဲ နည်းမျိုးစုံဖြင့် ဓာတုဓာတ်စစ်ထုတ်မှုကို ပြုလုပ်စေပြီးမှသာ စွန့်ပစ်ရေကို စွန့်ပစ်မှသာ လျှင် လူနှင့်တိရစ္ဆာန်များအား ဘေးအန္တရာယ်ကင်းရှင်းနိုင်မည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေသော စက်မှုဇုန်တချို့ရှိစက်ရုံများမှ ဓာတုဓာတ်ပါဝင်သော စွန့်ပစ်ရေများ ကို ဓာတုဓာတ်စစ်ထုတ်၍ စွန့်ပစ်ခြင်းကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ကြပ်မတ် ဆောင်ရွက်ခြင်း ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။