(ဂ)-မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မင်းကင်းမြို့နယ်နဲ့ ကလေးဝမြို့နယ်ကိုဖြတ်သန်းဖောက်လုပ်ထားတဲ့ မုံရွာ- ယာကြီး- ကလေးဝလမ်းဟာ ၁၁၅ မိုင် ၅ ဖာလုံ ရှည်လျားပြီး အင်မတန်အရေးကြီးတဲ့ လမ်းမကြီး အပိုင်းထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သို့သော် လည်းပဲ ဒီလမ်းကြောင်းဟာ ပွင့်လင်းရာသီမှာသာ သွားလာနိုင်ပြီးတော့မှ တစ်နှစ်မှာခြောက်လခန့်သာ သွားလာနိုင်တဲ့အတွက် မေလနောက်ဆုံးအပတ်က နေပြီးတော့မှ နိုဝင်ဘာလနောက်ဆုံးအပတ်ထိကို ကလေးမြို့ကို မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းကနေပြီးတော့မှ မိုင် ၂၁၀ ခရီးထိဘတ်စ်ကားများ၊ ကုန်ကားကြီးများသွားလာနေကြရပါတယ်။ အဲဒါကြောင့်မို့လို့ အဖိုးတန်တဲ့ စက်ဆီ၊ ချောဆီ၊ လောင်စာဆီများပိုမိုကုန်ကျပြီးတော့မှ လူစီးခနှုန်းထားလည်းကြီးမြင့်သွားပါတယ်။ ကုန်တင်ခနှုန်းထား များလည်းကြီးမြင့်သွားပါတယ်။ ဒါကြောင့် ကုန်ဈေးနှုန်းလည်းမြင့်မားသွားတဲ့အပြင် ခရီးသည်များ လည်းပင်ပန်းစွာဖြင့်သွားလာနေကြရတဲ့အခြေအနေရှိပါတယ်။ ဒီနေရာမှာအလျဉ်းသင့်လို့ တင်ပြရရင် မုံရွာ-ယာကြီး-ကလေးဝလမ်းကို ယခုထက်ပိုမိုကောင်းမွန်တဲ့ လမ်းအူကြောင်းအသစ် ရှာနေ ကြောင်း၊ အိန္ဒိယမှပညာရှင်များကရှာနေကြောင်းကို ဂျာနယ်များမှာဖတ်ရပါတယ်။ အဲဒီတော့ ဂျာနယ်များမှာ ဖတ်ရမှသိရတာထက် တာဝန်ရှိတဲ့အဖွဲ့အစည်းကနေပြီးတော့မှ ခိုင်လုံတဲ့သတင်းကို ထုတ်ပြန် ပေးမယ် ဆိုလို့ရှိရင် ပြည်သူတွေဝမ်းမြောက်ကြမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ပြည်ထောင်စုလမ်းမကြီးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မုံရွာ - ယာကြီး - ကလေးဝ လမ်းပိုင်းကို ယခုထက်ပိုမိုကောင်းမွန်ပြီး ရာသီမရွေးသွားလာနိုင်တဲ့ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရင် ကလေး - တမူးမှတစ်ဆင့် အိန္ဒိယနယ်စပ်ကိုလည်းသွားလာနိုင်တဲ့အတွက် နှစ်နိုင်ငံကုန်သွယ်မှုဟာ ခုထက်ပိုမိုဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ဒါ့အပြင် ကလေးမြို့မှတစ်ဆင့် ချင်းပြည်နယ်မြောက်ပိုင်း ငါး မြို့နယ်ကိုလည်း ကူးလူးဆက်သွယ်သွားလာနိုင်တဲ့အတွက် ချင်းပြည်နယ်ရဲ့ထွက်ကုန်၊ ဝင်ကုန်များ လည်း အဆင်ပြေတိုးတက်နိုင်မှာဖြစ်တဲ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း အထောက် အကူဖြစ်မှာဖြစ်ပါတယ်။ ဒီဒေသမှာသွားလာနေကြတဲ့ ခရီးသွားပြည်သူများလည်း မပင်မပန်း လိုရာ ခရီးကို အချိန်တိုတိုနဲ့ရောက်ကြမှာဖြစ်ပါတယ်။ ကုန်ပစ္စည်းသယ်ယူခများလည်း သက်သာသွားတဲ့ အတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလည်းလျှော့ချနိုင်မယ်ဆိုတဲ့ အကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်ပါ တယ်။ ဒါကြောင့် ပြည်ထောင်စုလမ်းမကြီးရဲ့အစိတ်အပိုင်းဖြစ်တဲ့ မုံရွာ- ယာကြီး-ကလေးဝလမ်းပိုင်းကို ဆယ့်နှစ်ရာသီသွားလာနိုင်တဲ့ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးပါရန် ပြည်သူတို့ကမျှော်လင့် လျက်ရှိကြပါတယ်။ သို့ဖြစ်ပါ၍ (၁) ဤလမ်းအဆင့်မြှင့်တင်မှုလုပ်ငန်းကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိပါသလား။ (၂) ရှိလျှင်မည်သည့်အချိန်မှာစတင်၍ မည်သည့်အချိန်မှာ ပြီးစီးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။