(က) မူးမြစ်ရေတိုက်စားခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့သည် မူးမြစ်၏အနောက်ဘက်ကမ်းတွင်တည်ရှိပြီး မူးမြစ် ကမ်းပါးဘေးတွင်ရှိသော အောင်မင်္ဂလာရပ်ကွက်သည် အိမ်ခြေပေါင်း ၆၀၀ ကျော်ခန့်ရှိခဲ့ပါ တယ်။ နှစ်စဉ် မူးမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျပြီး အိမ်ခြေပေါင်း ၃၀၀ ခန့်ဟာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပါတယ်။ မူးမြစ်ရေကြောင်းထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်မှု အားနည်းလျက်ရှိပါတယ်ခင်ဗျား။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နောင်နှစ်အနည်းငယ်အတွင်းမှာပင် ကျန်ရှိသော အိမ်ထောင်စုများနှင့် မူးမြစ်ကမ်းပါးတွင် တည်ရှိသော ပြည်သူ့ဆောက်လုပ်ရေးရုံး၊ ပြည်သူ့ဆောက်လုပ်ရေးဗိုလ်တဲ၊ ဆည်မြောင်းရုံး၊ ဆည်မြောင်းဧည့်ရိပ်သာ၊ စိုက်ပျိုးရေးရုံးစသည့် အစိုးရဌာနဆိုင်ရာ အဆောက်အဦများသည် မူးမြစ်ရေတိုက်စားမှုကြောင့်ပျက်စီး ဆုံးရှုံးရမည်ဖြစ်ပါတယ်ခင်ဗျား။ မူးမြစ်ကမ်းပါးနံရံ ထိန်းသိမ်းရမည့် အလျားမှာ ပေ ၁၅၀၀ ခန့် ဖြစ်ပါတယ်။ သို့ပါ၍ မူးမြစ်ရေကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။