(ဃ)-ဗန်းမောက်-အင်းတော်လမ်းပိုင်းရှိ တံတားနှင့်လမ်းများနှင့် စပ်လျဉ်းသည့်မေးခွန်း
ဗန်းမောက်မြို့နယ်ဟာ ကဒူးကနန်းတိုင်းရင်းသားများ အများစုနေထိုင်ကြပြီးတော့ စီးပွားဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့ မြို့နယ်တစ်မြို့နယ်ဖြစ်ပါတယ်။ ဗန်းမောက်မြို့နယ်ဟာ ကုန်းတွင်းပိတ်မြို့နယ်ဖြစ်တဲ့အတွက် ဆက်သွယ်ရေးအနေနဲ့ ခက်ခဲပြီးတော့ ဗန်းမောက်-အင်းတော် ၂၉ မိုင်ရှည်လျားတဲ့ လမ်းကိုသာအဓိကအားထားပြီးသွားလာနေကြပါတယ်။ အဆိုပါ ၂၉ မိုင်အတွင်းမှာဆိုရင် တံတားကြီး/ငယ်ပေါင်း ၇၁ စင်းရှိပါတယ်။ ဗန်းမောက်မြို့နယ်မှာ မိုးရွာသွန်းမှုများပြားပြီး တောင်ကျချောင်းရေများပြားတဲ့အတွက်ကြောင့် မိုးရာသီကာလမှာ လမ်း တံတားများပျက်စီးလေ့ရှိပါတယ်။ ပေ ၁၈၀ ရဲ့အထက်မှာရှိတဲ့ တုံစီချောင်းတံတား၊ လေးတိုင်ချောင်း၊ နံ့သာချောင်းတံတားတွေပျက်စီးပါက ဗန်းမောက်မြို့နယ်ရဲ့လမ်းပန်းဆက်သွယ်ရေးဟာ ပြတ်တောက် သွားတာကို အမြဲတမ်းကြုံတွေ့ခဲ့ရပါတယ်။ လမ်းပိုင်းအနေနဲ့ ကတ္တရာလမ်း ၂၁ မိုင်၊ အမာခံလမ်း ၈ မိုင်ရှိသော်လည်း မိုးတွင်းရာသီမှာ ရေများစိမ့်ဝင်တဲ့အတွက်ကြောင့် ကတ္တရာလမ်းများလည်း ပျက်စီး လျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ ဗန်းမောက်-အင်းတော်လမ်းပိုင်းမှာရှိတဲ့ ပေ ၁၈၀ အထက်တံတား၊ ချောင်းကူးတံတားများကို ကွန်ကရစ်တိုင်နဲ့ ဘေလီတံတားတည်ဆောက်ပေးခြင်း၊ လမ်းပိုင်းအနေနဲ့ ပေ ၃၀ အကျယ်ချဲ့ပြီးတော့ ကျောက်ချောလမ်းအဖြစ်ခင်းပေးမယ်ဆိုရင် ဒေသဟာဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ပါတယ်။ ထို့ကြောင့် ဒေသခံပြည်သူများရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုရှေးရှုပြီးတော့ ဗန်းမောက်-အင်းတော်လမ်းပိုင်းရှိ လမ်းနှင့်တံတားများအား နိုင်ငံတော်မှပြုပြင်တည်ဆောက်ပေးမည့် အစီအစဉ် ရှိ၊ မရှိ။ ရှိပါကမည်သည့်ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်ပေးမည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။