(ဃ)-အင်းလေးကန်ထိန်းသိမ်းရေး လုပ်ငန်းများနှင့်စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ် တောင်ပိုင်း၊ အင်းလေးဒေသ၊ ပင်းတယရွှေဥမင်ဘုရားနှင့် တောင်ကြီးမွေတော် ကက္ကူ ဘုရား စသည့် နေရာဒေသများသည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအပါအဝင် နိုင်ငံခြားသားအတွက် စိတ်ဝင် စားဖွယ်ရာနေရာဒေသများဖြစ်ပါတယ်။ အဆိုပါနေရာဒေသများအနက် ရွှေဥမင်ဘုရားနှင့် တောင်ကြီး မွေတော်ကက္ကူဘုရားများသို့လာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်တော်များထံမှ ကောက်ခံ ရရှိသော Entrance Fees များကို သက်ဆိုင်ရာဘုရားဂေါပကအဖွဲ့များမှ တာဝန်ယူထိန်းသိမ်း ထားရှိပြီး ဘုရားနှင့်ပတ်သက်သည့်ကိစ္စအဝဝတွင် တာဝန်ခံ၍အသုံးပြုကြကြောင်းသိရပါတယ်။ သို့ဖြစ်ပါ၍ ပထမမေးခွန်းအဖြစ် အင်းလေးဒေသအတွက် Entrance Fees ကိုမည်သို့မည်ပုံ စီမံဆောင်ရွက်နေသည်ကိုသိလိုပါတယ်။ ဒုတိယမေးခွန်းမှာ အင်းလေးကန်မတိမ်ကောစေရေး လုပ်ငန်းရပ်များနှင့် အင်းလေးကန်ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ ထိန်းသိမ်းရေးလုပ်ငန်းများတွင် Entrance Fees ကို စနစ်တကျအသုံးပြုသွားမည်ဆိုပါက အင်းလေးကန်နှင့်ပတ်သက်သည့် လုပ်ငန်းရပ်များတွင် ယခုထက်ပို၍ဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။ ပို၍ထိရောက်အောင်မြင်ဖွယ်ရာ လည်းရှိပါတယ်။ သို့ဖြစ်၍ အင်လေးကန်နှင့်ပတ်သက်သည့် Entrance Fees ကို အင်းလေးကန် ထိန်းသိမ်းရေးလုပ်ငန်းများတွင် အဓိကထားပြီးအသုံးပြု၍ ရနိုင်၊ မရနိုင်ဆိုသည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။