(င)-ဝါးဘလောက်သောက်ကျေးရွာတွင်လျှပ်စစ်မီးပြန်လည်ရရှိရေးနှင့် ကျေးလက်ဒေသမီးလင်းရေးနှင့် စပ်လျဉ်းသည်‌့မေးခွန်း

2020-12-22

ပထမမေးခွန်းအနေနဲ့ကတော့ ရန်ကုန်တိုင်း ဒေသကြီး၊ ကော့မှူးမြို့နယ်၊ ဝါးဘလောက်သောက်ကျေးရွာမှာ ၁၉၉၀ ခုနှစ်ကစပြီးတော့ လျှပ်စစ်မီး ရရှိခဲ့ပါတယ်။ ၁၉၉၅ ခုနှစ် နောက်ပိုင်း သစ်သားတိုင်များပြိုလဲပျက်စီးပြီးတော့ လျှပ်စစ်မီးရရှိမှု ပြတ်တောက်သွားခဲ့ရပါတယ်။ သို့ပါ၍  ဝါးဘလောက်သောက်ကျေးရွာမှာ လျှပ်စစ်မီးပြန်လည်ရရှိရန် ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊ မရှိ။ ရှိပါက မည်သည့်ကာလတွင်ဆောင်ရွက်ပေးမည်။ မရှိပါက မည်သည့်အတွက်ကြောင့် မဆောင်ရွက်ပေးနိုင်သည်ကိုသိရှိလိုပါတယ်ခင်ဗျား။

ဒုတိယမေးခွန်းအနေနဲ့ကတော့ အခုအခါမှာ နိုင်ငံတော်မှာ လျှပ်စစ်ဓာတ်အားတိုးချဲ့ထုတ်လုပ် နိုင်ပြီဖြစ်သဖြင့် မြို့များတွင် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးသုံးစွဲနိုင်ပြီဖြစ်ပြီး ကျေးလက်နေ ပြည်သူများက ကျေးလက်ဒေသများတွင် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရန် လိုလားတောင့်တလျက်ရှိပါ တယ်။ သို့ဖြစ်ပါ၍ သန်လျင်မြို့နယ်အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်မှ ကျေးရွာအုပ်စု ၄၃ ခုတွင် ကျေးလက်ဒေသမီးလင်းရေးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ ရှိပါက မည်သည့်ကာလတွင်ဆောင်ရွက်ပေးမည်။ မရှိပါက မည်သည့်အတွက်ကြောင့် မဆောင်ရွက်ပေးနိုင် သည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။