(ဃ)-ပို့ဆောင်ရေးဝန်ကြီးဌာနမှသင်္ဘောသားများကိစ္စနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ပို့ဆောင်မှုလုပ်ငန်းများကို ရေကြောင်းပို့ဆောင်ရေးမှ အဓိကတာဝန်ထမ်းဆောင်လျက်ရှိတာကိုတွေ့ရ ပါတယ်။ နိုင်ငံခြားသားသ‌င်္ဘောအရာရှိများနဲ့ သ‌င်္ဘောသားများမှာ လစာနှုန်းထားမြင့်မားမှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နိုင်ငံခြားငွေရှာဖွေပေးသည့် လုပ်ငန်းများဖြစ်လျက်ရှိနေပါတယ်။ မြန်မာ နိုင်ငံသည်လည်းပဲ ကမ္ဘာ့သ‌င်္ဘောသားဈေးကွက်တွင် သ‌င်္ဘောသားများပေးပို့ဆောင်ရွက်နေသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပါတယ်။ လက်ရှိအ‌ခြေအနေတွင် ကမ္ဘာ့သ‌င်္ဘောသားဈေးကွက်တွင် သ‌င်္ဘောသားအရာရှိများနှင့် ပင်လယ်ပြင်လုပ်သက်အတွေ့အကြုံရှိသော သ‌င်္ဘောသားများဟာ လိုအပ် ချက်ထက်များစွာလျော့နည်းနေကြောင်း ယင်းအခွင့်အရေးများကို သ‌င်္ဘောသားများအလုပ်အကိုင် ရရှိရေးဆောင်ရွက်နေသည့် နိုင်ငံအသီးသီးမှသ‌င်္ဘောအရာရှိများမှ သ‌င်္ဘောသားများလက်ဦးမှုရယူ ‌ဖြည့်တင်းနိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်လာကြသည့်အပြင် သ‌င်္ဘောပိုင်ရှင်များဘက်မှလည်း သ‌င်္ဘောသားခေါ်ယူနေကြသောနိုင်ငံများအပြင် သ‌င်္ဘောသားအရင်းအမြစ်ရှိသော နိုင်ငံများအား တိုးတက်ရှာဖွေလာကြရာ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှ သ‌င်္ဘောသားများအား ပိုမိုခေါ်ယူအသုံးပြုလာကြပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံသား သ‌င်္ဘောသားများသည် အရည်အချင်းကောင်းမွန်ခြင်း၊ စည်းကမ်းလိုက်နာ၍ အလုပ်ကြိုးစားခြင်း၊ သင်ကြားတတ်မြောက်ရန်လွယ်ကူခြင်းကြောင့် သ‌င်္ဘောသားဈေးကွက်တွင် နေရာရရှိပြီးဖြစ်ရာ ဈေးကွက်လိုအပ်ချက်ပြည့်မှီစေရေးအတွက် အရည်အချင်းပြည့်ဝသော သ‌င်္ဘောသားများလေ့ကျင့် မွေးထုတ်ပေးရန်လိုအပ်သည့်အပြင် အရေအတွက်အရလည်းပိုမိုမွေးထုတ်ပေးနိုင်ရေး စီမံချက်ချ လုပ်ဆောင်သွားရန် လိုအပ်လျက်ရှိပါတယ်။ လေ့လာသိရှိရသည့်စာရင်းများအရ မြန်မာနိုင်ငံရှိ မှတ်ပုံတင်ထားသည့်သ‌င်္ဘောသားအရာရှိနှင့် အခြားအဆင့်အရေအတွက်မှာ ၇၀၀၀၀ ကျော်ရှိပြီး၊ လက်ရှိတာဝန်ထမ်းဆောင်နေသည့် အရေအတွက်မှာ ၂၀၀၀၀ ကျော်ရှိကြောင်းသိရှိရပါတယ်။ ကျန်ရှိသည်‌့အရေအတွက်များမှာ ကုန်းပေါ်အခြားအလုပ်အကိုင်များသို့ ပြောင်းရွှေ့သွားခြင်း၊ အသက် အရွယ်ကြီးရင့်သွားခြင်း၊ သ‌င်္ဘောမလိုက်နိုင်တော့ခြင်း၊ သေဆုံးဒဏ်ရာရရှိခြင်းတို့ကြောင့်လျော့နည်း သွားရခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံသ‌င်္ဘောသားအရေအတွက်မှာ အခြားသောနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်သ‌င်္ဘောသား ၅ သိန်းကျော်၊ တရုတ်သ‌င်္ဘောသား ၃ သိန်းကျော်နှင့် အိန္ဒိယ၊ အင်ဒိုနီးရှား      ၁ သိန်းကျော် အရေအတွက်တို့နှင့်နှိုင်းယှဉ်ပါက သ‌င်္ဘောသားအရေအတွက် အလွန်နည်းပါး နေသေးကြောင်း လေ့လာသိရှိရပါတယ်။ မြန်မာနိုင်ငံတွင် သ‌င်္ဘောသားလုပ်ကိုင်လိုသည့် လူငယ်၊ လူရွယ်အရည်အချင်းရှိသူများ၊ ပညာတတ်အများအပြားရှိနေသော်လည်း တရားဝင်သွားရောက် လုပ်ကိုင်ရန် ကန့်သတ်ချက်များပြီး ငွေကြေးကုန်ကျမှုများပြားသဖြင့် တရားမဝင်သွားရောက်လုပ်ကိုင် နေသူများလည်းရှိပါတယ်။ ဒါ့ကြောင့် အလိမ်ခံရမှုများ၊ လူကုန်ကူးခံရမှုများအပြင် အခြားသော မလိုလားအပ်သည့် ပြဿနာများလည်းဖြစ်ပေါ်လျက်ရှိပါတယ်။ သ‌င်္ဘောသားများကို လက်ရှိ အရေအတွက်ထက် ပိုမိုမွေးထုတ်ပေးနိုင်မည်ဆိုပါက လူသားအရင်းအမြစ်များလည်းဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုဖန်တီးပေးရာရောက်ပြီး နိုင်ငံတော် အတွက်လည်း နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိလာမှာဖြစ်ပါတယ်။ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် တစ်နှစ်လုံးမှာ သ‌င်္ဘောသားတစ်ထောင်နှင့် နှစ်ထောင်ကြားသာမွေးထုတ် ပေးနိုင်ကြောင်း အကြမ်းဖျင်းလေ့လာသိရှိရသဖြင့် အခြားသောသ‌င်္ဘောသားထောက်ပံ့သောနိုင်ငံများ မှမွေးထုတ်ပေးနိုင်သောအရေအတွက်နှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေကြောင်းတွေ့ရှိရပါတယ်။ သ‌င်္ဘောသားများကို ပိုမိုမွေးထုတ်ပေးနိုင်ပါက နိုင်ငံတော်နှင်‌့ ပြည်သူများအတွက်ပါ အကျိုးကျေးဇူး များစွာဖြစ်ထွန်းလာနိုင်မည်ဖြစ်ပါသဖြင့် စီမံချက်ချ၍လုပ်ဆောင်သွားသင့်ပါတယ်။ သို့ဖြစ်ပါ၍ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ နှစ်စဉ်မွေးထုတ်ပေးနိုင်သည့် လက်ရှိသ‌င်္ဘောသား အရေအတွက်ထက် ပိုမိုလေ့ကျင့်မွေးထုတ်ပေးနိုင်ရန်အတွက် အစီအမံများ ရှိ၊ မရှိ မေးမြန်းပါသည်။