(ခ)-ပြည်တွင်းမီဒီယာလောကနှင့် စပ်လျဉ်းသည့် မေးခွန်း
ဒီခေတ်မှာ ကျွန်တော်တို့မီဒီယာဟာ အင်မတန်မှအင်အားသတ္တိကြီးမားပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ရိုက်ခတ်နိုင် စွမ်းရှိပါတယ်။ အသိပေး၊ ပညာပေးသာမက လူထု၏ခံစားမှုများအပေါ်မှာ ကြီးမားစွာသောသြဇာ သက်ရောက်မှုရှိပါတယ်။ အင်မတန်မှ စွမ်းပကားရှိတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ မီဒီယာကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ထိရောက်စွာအသုံးပြုနိုင်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ သတိထား သိရှိတွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ပြည်တွင်းမီဒီယာ အဲဒီမှာ တီဗီ၊ ရေဒီယို၊ သတင်းစာ စသည်တို့ကို ယခုထက်ပိုမိုပြီးတော့ ပြည်သူလူထုတို့ စိတ်ဝင်စားလာအောင်၊ အားထားလာအောင် မည်သို့စိတ်ကူး အကောင်အထည်ဖော်ပြုလုပ်နေသည်ကို အကျဉ်းချုံးပြီး ကျွန်တော်တို့ သိခွင့်ရလို့ ရှိရင် ကျွန်တော်တို့အတွက် အများကြီးဗဟုသုတရရှိပြီး စိတ်ချမ်းသာနိုင်မယ်လို့ ကျွန်တော်တို့ထင်ပါ တယ်။ ဒါကြောင့်မို့လို့ မည်သို့ဆောင်ရွက်လျက်ရှိသည်ကို အကျဉ်းချုံးပြီး သိခွင့်ရှိလို့ရှိရင်သိပါရစေ လို့မေးမြန်းလိုပါတယ်။ ဒုတိယမေးခွန်းကတော့ ယခုခေတ်မှာ လူတိုင်းကမီဒီယာကို စတုတ္ထမဏ္ဍိုင်လို့ ပြောဆိုနေကြတဲ့ အချိန်ကာလဖြစ်ပါတယ်။ စတုတ္ထမဏ္ဍိုင်ဖြစ်ဖို့ရာလည်း ပြောပြောဆိုဆိုနဲ့ တောင့်တောင့်တတရှိနေတဲ့အခါ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော် အကျဉ်းချုံးပြီး ပြောချင်တဲ့ပွိုင့်လေးကိုရအောင် ကျွန်တော်လူတစ်ယောက်ကို Post လုပ်ပါတယ်။ အဲဒီလူကတော့ အမေရိကန်ပြည်ထောင်စုက အင်မတန်မှနာမည်ကြီးတဲ့ သမ္မတကြီး သောမတ်ချန်မဆင် ဖြစ်ပါတယ်။ သောမတ်ချန်မဆင်က ဘယ်လိုပြောလိုက်သလဲဆိုတော့ Let me make newspaper of one country and I don’t care who make is law ဆိုလိုချင်တဲ့ သဘောကတော့ နိုင်ငံတစ်နိုင်ငံမှာ မိမိသတင်းစာလုပ်ငန်းတစ်ခု သို့မဟုတ် သတင်းစာတစ်ခု ထူထောင်ခွင့်သာရမယ်ဆိုလို့ရှိရင် ဒီနိုင်ငံရေးဥပဒေကို ဘယ်သူပြဋ္ဌာန်းသည်ဖြစ်စေ၊ ဘယ်သူပြုသည်ဖြစ်စေ မိမိတော့ဖြင့်မပူပါဘူး။ မကြောင့်ကြပါဘူးလို့ပြောခြင်း ဖြစ်ပါတယ်။ အဲဒီခေတ်တုန်းကတော့ စတုတ္ထမဏ္ဍိုင် ဘာညာ စသည်ဖြင့် သည်စကားတွေမသုံးသလို အဲဒီခေတ်က အဓိကအားဖြင့် သတင်းစာကိုပဲအားကိုးရတာ ဖြစ်တဲ့အတွက် ကျွန်တော်ဒီဆောင်ပုဒ်လေးကို ၁၉၅၇ ခုနှစ်၊ ကျွန်တော် ၈ တန်း ကျောင်းသားတုန်းက Nation သတင်းစာရဲ့ ပထမစာမျက်နှာမှာ ဆောင်ပုဒ်အဖြစ် ဖော်ပြထားတာလေးကို ကျွန်တော်ဖတ်ရှိ ရပါတယ်။ ဒါလေးဟာ ကျွန်တော့်ခေါင်းထဲမှာ စွဲပြီးကျန်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ စတုတ္ထမဏ္ဍိုင်ဘာညာ စသည်ဖြင့်မသိပါဘူး။ ဒါဟာတကယ့်တကယ်တော့ စတုတ္ထမဏ္ဍိုင်လို့ အဓိပ္ပာယ်ဖွင့်ဆိုလိုက်ပြီး အမြင့်ဆုံးတာဝန်တစ်ခုအနေနဲ့ ခံယူလိုက်ခြင်း ဖြစ်ပါတယ်လို့ ကျွန်တော် သဘောပေါက်သတိထားမိပါတယ်။ ဒီနိုင်ငံမှာလည်း စတုတ္ထမဏ္ဍိုင်ဖြစ်ထွန်းလာဖို့ လူအများတောင့်တ လျက်ရှိပါတယ်။ ပြောလည်းပြောနေကြတယ်။ စာပေလွတ်လပ်ခွင့်စသည်ဖြင့် လူတကာပြောဆိုနေကြ တာမှန်ပါတယ်။ သို့ပေမယ့် တစ်ခါတစ်ခါ ကျွန်တော်တို့စဉ်းစားမိတာ လွတ်လပ်ခွင့်ရတာနဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်ရောလားလို့ စဉ်းစားမိတဲ့အခါလည်းရှိပါတယ်။ ဒီတော့ မိမိတို့နိုင်ငံမှာ မိမိတို့ ပြည်တွင်းမီဒီယာကို စတုတ္ထမဏ္ဍိုင်အဖြစ် အခိုင်အမာဖြစ်ထွန်းလာအောင် ဝိုင်းဝန်းလုပ်ဆောင်နေရမှာ ဖြစ်တဲ့အတွက် မည်သို့ဝိုင်းဝန်းလုပ်ဆောင်နေတယ်ဆိုတာလည်း ကျွန်တော်တို့ ဗဟုသုတအကျဉ်း အဖြစ် သိရှိလိုပါကြောင်းမေးမြန်းပါသည်။