(ဈ)-တောင်ပေါ်ဒေသကျေးရွာများလျှပ်စစ်မီးရရှိရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အရှေ့ပိုင်းဒေသဟာ တောင်ပေါ်ဒေသဖြစ်ပြီးတော့ ပထဝီအနေ အထားအရ တော၊ တောင်ထူထပ်တဲ့ဒေသဖြစ်သော်လည်း နိုင်ငံတော်ရဲ့ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် ကျွန်တော်တို့ဒေသခံပြည်သူများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေဖို့ အထောက်အကူပြုဖြစ်တဲ့ မော်တော်ကားလမ်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးခန်းတွေနဲ့ ဘာသာရေးအဆောက်အအုံများ စသဖြင့်စည်ကားလျက်ရှိပါတယ်။ နေပြည်တော်နဲ့လည်း လွယ်လွယ်ကူကူဆက်သွယ်သွားလာလို့ ရရှိနေပါတယ်။ သို့သော်လည်း ဒေသရဲ့ပထဝီအနေအထားအရ အဆင်းအတက်များတဲ့ တောင်တန်း ဒေသဖြစ်တဲ့အတွက်ကြောင့်မို့လို့ လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းရရှိရေး၊ လျှပ်စစ်ဓာတ်အားရရှိ ရေးဟာ အခက်အခဲရှိနေဆဲဖြစ်ပါတယ်။ အြခေအနေပေးတဲ့တချို့ဒေသတွေမှာ စေတနာရှင်များက နေပြီးတော့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုတည်ဆောက်ခဲ့ပါတယ်။ ဒါ ကျွန်တော့်ဘေးမှာ ရှိနေတဲ့ စေတနာရှင်အစ်ကိုကြီးရဲ့ကျေးဇူးကြောင့် ရွာတစ်ရွာမှာဆိုလို့ရှိရင် လျှပ်စစ်ဓာတ်အား ရရှိနေပါတယ်။ ရေအားလျှပ်စစ်ဓာတ်အားစက်ရုံလေးနဲ့။ သို့သော်လည်း ဒေသအများအပြားမှာတော့ ဓာတ်အားလိုင်း သွယ်တန်းရရှိမှုအခက်အခဲကြောင့် လျှပ်စစ်ဓာတ်အားမရရှိဘဲ ဖြစ်နေပါတယ်။ နိုင်ငံတော်အနေနဲ့ အဆိုပါဒေသတစ်ဝိုက်မှာ မဂ္ဂါဝပ် ၁၄၀ ရှိတဲ့ အထက်ပေါင်းလောင်းလျှပ်စစ် စီမံကိန်း၊ နောက် မဂ္ဂါဝပ် ၄၀ ထွက်မယ့် ကျွန်တော်တို့ နမ်ချိုရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်နေပါတယ်။ ဒီစီမံကိန်းများပြီးစီးတဲ့အခါမှာတော့ အနီးအနားတစ်ဝိုက်မှာရှိတဲ့ကျေးရွာ များဟာ လျှပ်စစ်ဓာတ်အားရရှိမယ်လို့လည်း မျှော်လင့်နေကြပါတယ်။ ရရှိမယ်လို့လည်း ယုံကြည် နေကြပါတယ်။ သို့သော်လည်း ရေအားလျှပ်စစ်စီမံကိန်းနဲ့ဝေးတဲ့ ဆက်သွယ်မှုခက်ခဲတဲ့ရွာကြီး တချို့မှာတော့ လျှပ်စစ်ဓာတ်အားရရှိရန် အခက်အခဲရှိနေအုံးမှာဖြစ်ပါတယ်။ ဒီဒေသက ကျေးရွာကြီး တွေမှာ ကျွန်တော်တို့ နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အားပေးစက်တချို့ တပ်ဆင်ပေးနိုင်မယ် ဆိုလို့ရှိရင် ကျေးရွာအတွင်းအများနဲ့သက်ဆိုင်တဲ့နေရာ၊ ဒေသတချို့မှာ လျှပ်စစ်ဓာတ်အား ရရှိနိုင်ပြီးတော့ လူမှုရေး၊ သတင်းဆက်သွယ်ရေးအပါအဝင် အကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အားပေးစက်များတပ်ဆင်ပေးနိုင်ဖို့ အနေအထားကိုလည်း သိရှိလိုကြပါတယ်။ သို့ပါ၍ ကျွန်တော်တို့ ပျဉ်းမနားမြို့အရှေ့ပိုင်းတောင်ပေါ်ဒေသလျှပ်စစ်ဓာတ်အား ရရှိရေးအတွက် မည်သို့စီစဉ်ပေးနိုင်မည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသသည်။