(က)-တောင်သူလယ်သမားများ ချေးငွေအား တစ်ဧက ကျပ်တစ်သိန်းအထိ ချေးပေးပါရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
လွန်ခဲ့တဲ့ ၄ နှစ် ၂၀၀၈ ခုနှစ်မှာ အမေရိကန်နိုင်ငံက စတင်ခဲ့တဲ့ စီးပွားပျက်ကပ်ဆိုး ကြီးဟာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်ခဲ့ပါတယ်။ ၎င်းစီးပွားပျက်ကပ်ကြီးဟာ အာရှတိုက်တစ်တိုက်လုံးကို အထူးရိုက်ခတ်ခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာပြည်မှာလည်းပဲ ၎င်းကပ်ဆိုးကြီးရဲ့ ရိုက်ခတ်မှုကို အပြင်းအထန်ခံခဲ့ရပါတယ်။ မူလကတည်းက ချမ်းသာကြွယ်ဝတဲ့ နိုင်ငံငယ်၊ နိုင်ငံကြီးများအနေဖြင့် ပြန်လည်နာလန်ထဖို့မြန်ဆန်ခဲ့ပေမယ့် ဖွံ့ဖြိုးဆဲဖြစ်တဲ့ ဆင်းရဲတဲ့နိုင်ငံများအဖို့ ပြန်လည်နာလန်ထမှု နှေးကွေးနေပါတယ်။ ၎င်းရဲ့ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ ဒေါ်လာဈေးများ ကျဆင်းခဲ့ခြင်းနှင့် ကမ္ဘာရှိ ဆန်နဲ့ကောက်ပဲသီးနှံဝယ်ယူတဲ့ နိုင်ငံများရဲ့ ဝယ်ယူလိုအားဟာ ကျဆင်းခဲ့ကြပါတယ်။ အထက်ပါ အကျိုးဆက်များကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ဆန်နှင့်ကောက်ပဲသီးနှံဈေးများဟာ မကြုံစဖူး ကျဆင်း ခဲ့ရပါတယ်။ အဲဒီကျဆင်းမှုကြောင့် တောင်သူလယ်သမားများ ပင်ပန်းကြီးစွာ ကြိုးစားရုန်းကန် အလုပ် လုပ်ခဲ့ကြသော်လည်း ကြီးစွာသောအရှုံးနှင့် ရင်ဆိုင်ခဲ့ကြရပါတယ်။ ၂၀၀၈ မှ ၂၀၁၂ အထိ လေးနှစ် တိုင်တိုင် ဆက်တိုက်အရှုံးနှင့် ရင်ဆိုင်ခဲ့ကြရပါတယ်။ တစ်နှစ်၊ နှစ်နှစ်ဆိုရင် မထောင်းသာသော်လည်း လေးနှစ်တိတိ ဆက်တိုက်အရှုံးနှင့်ရင်ဆိုင်ခဲ့ကြရတဲ့အတွက် ၎င်းတို့၏ စားဝတ်နေရေးဟာ များစွာကြပ် တည်းနေမှုနှင့် ကြုံတွေ့နေကြရပါတယ်။ ယခုနှစ် ၂၀၁၂ ခုနှစ် စိုက်ပျိုးရာသီမှာလည်း တချို့ဒေသ များမှာ မိုးကြီးပြီးတော့ စပါးခင်းများ ရေမြုပ်ပျက်စီးခြင်း၊ မြန်မာပြည် အလယ်ပိုင်းတစ်ခုလုံးနီးပါး မိုးအထူးခေါင်ခဲ့၍ နှမ်းနှင့် ပဲမျိုးစုံစိုက်ခင်းများ ညှိုးခြောက်ပြီးတော့ ပျက်စီးခြင်း၊ လုံးဝမစိုက်ပျိုးနိုင် ခဲ့ခြင်း စသည့်အဖြစ်ဆိုးများနှင့် ဆက်လက်ကြုံတွေ့နေခဲ့ရပါတယ်။ တောင်သူလယ်သမားများအဖို့ ဖောင်စီးရင်း ရေငတ်နေကြရပါတယ်။ ပေါင်စရာလည်း ရွှေမရှိတော့ဘူး။ အတိုးနဲ့ ငွေချေးမယ့်သူက လည်း ယခင်အကြွေးများ မကျေတဲ့အတွက်ကြောင့် ငွေချေးမယ့်သူကလည်း မရှိတော့ပါဘူး။ ဒါကြောင့် ဒီအခက်အခဲများ ကျော်နိုင်ဖို့ နိုင်ငံတော်က ပို၍ကူညီမှဖြစ်မယ့်အခြေအနေကို ဆိုက်ရောက်နေပါ တယ်။ နိုင်ငံတော်မှာလည်းပဲ ယခင် တစ်ဧက ၂၀၀၀၀၊ ထို့နောက် ၄၀၀၀၀၊ ထို့နောက် ၅၀၀၀၀ ကျပ် အထိချေးငွေများကို တိုးပေးတာကိုတွေ့ရပါတယ်။ ဒါတောင်မှ ဒီလိုချေးငွေများပေးခဲ့ရာမှာ ကျန်တောင်သူ များက သူတို့အတွက် လုံးဝချေးငွေမရပါဘူးလို့ ပြောတာကိုလည်း ကြုံတွေ့ရပါတယ်။ ဥပမာ မန္တလေး တိုင်း အထက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာဖြစ်ပါတယ်။ သူတို့အတွက်လည်း ထည့်သွင်းစဉ်းစားပေးပါ လို့ တောင်းဆိုမှုရှိနေကြပါတယ်။ ထို့အပြင် နိုင်ငံတော်မှ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် နှစ်တို၊ နှစ်ရှည်စီမံကိန်းများချ၍ လုပ်ဆောင်ပေးနေသည်ကို တောင်သူလယ်သမားများက အထူးပဲကျေးဇူး တင်နေကြပါတယ်။ သို့သော်လည်း ယခု နောက်ဆုံးတိုးမြှင့်ချေးငွေ ၅၀၀၀၀ ကျပ်ဟာလည်း တောင်သူ လယ်သမားများ တစ်ဧကလိုအပ်ချက်ရဲ့ သုံးပုံတစ်ပုံပဲရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီချေးငွေ ထုတ်ပေးတဲ့ လဟာလည်းပဲ နောက်ကျတယ်လို့ သိရပါတယ်။ ယခင်က ၅ လပိုင်းမှာ စတင်ထုတ်ချေး ခဲ့၍ ယခု ၇ လပိုင်းမှ ချေးငွေများ စတင်ထုတ်ချေးတဲ့အတွက် နောက်ကျနေပြီးတော့ တကယ်လိုအပ်တဲ့ အချိန်မှာ သုံးလို့မရဖြစ်နေပါတယ်။ အထက်ပါအကြောင်းကြောင်းတို့ကြောင့် တောင်သူလယ်သမား များဟာ ဆင့်ပါးစပ်နှမ်းပက်တဲ့ကိန်းနဲ့ ကြုံနေရပါတယ်။ ဒါကြောင့်မို့ ဒီအကြပ်အတည်း၊ ဒီအဖြစ်ဆိုး ဒီတောင်မှကျော်နိုင်ဖို့ တစ်ဧကမှာ ကျပ် ၁၀၀၀၀၀ အထိ ချေးငွေ ချေးပေးဖို့ လိုလားနေကြပါတယ်။ ထိုသို့ချေးပေးနိုင်ခြင်း ရှိ/မရှိကိုသိလိုပါကြောင်း မေးမြန်းပါသည်။