(ခ)-လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များရှိ ပြည်သူ့ဆေးရုံများတွင် ခွဲစိတ်ခန်းသုံး၊ ဆေးရုံသုံးပစ္စည်းများ ဖြည့်ဆည်းပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်ဆေးရုံများနှင့် မြို့နယ်ခွဲတိုက်နယ်ဆေးရုံများတွင် လစ်လပ်လျက်ရှိသော ဆရာဝန်များခန့်ထားမှုအပေါ်ကျွန်တော်တို့ နိုင်ငံတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ကို နာဂပြည်သူများနှင့်အတူ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ လဟယ်မြို့ပေါ်တွင် ၂၅ ခုတင်ဆံံ့ ဆေးရုံဖွင့်လှစ်ပေးထားပြီး ဆရာဝန်တစ်ဦးသာလျှင် ခန့်ထားပေးလျက်ရှိပါတယ်။ ဆရာဝန်နှင့်ဆေးဝါးများ၊ ဆေးရုံသုံးပစ္စည်းကရိယာများ မပြည့်စုံသည့် အတွက် ဒေသခံလူနာရှင်များ အခက်အခဲတွေ့ကြုံနေရပါတယ်။ လဟယ်ဒေသမှ ပြည်သူများအနေဖြင့် ဆေးစစ်ဆေးခြင်း ပြုလုပ်ရန်အတွက် ခန္တီး၊ မန္တလေးမြို့သို့ သွားရောက်ကြရပါတယ်။ အလားတူ လေရှီးဒေသခံပြည်သူများကတော့ ဟုမ္မလင်း၊ မုံရွာသို့လည်းကောင်း၊ နန်းယွန်းဒေသခံပြည်သူများ ကတော့ တနိုင်း၊ မြစ်ကြီးနားသို့လည်းကောင်းသွားရောက်နေကြရပါတယ်။ ဒါကြောင့် ခရီးသွားလာရေး နှင့် ငွေကြေးအခက်အခဲများနှင့် တွေ့ကြုံနေကြရပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ ဆရာဝန်နှင့် ဆေးဝါး၊ လူနာ၊ စမ်းသပ်ပစ္စည်း၊ ဓာတ်မှန်စက်နှင့် ခွဲစိတ်ခန်းသုံးပစ္စည်းများပြည့်စုံစွာ မရှိခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အောက်ပါမေးခွန်းများကို မေးမြန်းအပ်ပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်ပြည်သူ့ဆေးရုံများတွင် လိုအပ်လျက်ရှိသော ကျန်းမာရေး စစ်ဆေးမှုကိရိယာများနှင့် ခွဲစိတ်ခန်းသုံးကိရိယာများ ခွဲဝေချထားပေးရန်အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက မည်သည့်အချိန်ကာလတွင် ခွဲဝေချထားပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။