(က)-သဘာဝဓာတ်ငွေ့အသုံးပြုပြီး လျှပ်စစ်ဓာတ်အားပေးရေး နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ကျောက်ဖြူမြို့ဟာ ရမ်းဗြဲကျွန်းရဲ့ မြောက်ဘက်အစွန်အဖျား ပင်လယ် ကမ်းခြေမှာတည်ရှိပါတယ်။    ရမ်းဗြဲကျွန်းမှာ   မြို့နှစ်မြို့ရှိပါတယ်။   ရမ်းဗြဲမြို့ကတော့   ရမ်းဗြဲကျွန်းရဲ့ အလယ်ပိုင်း အရှေ့ဘက်ကမ်းခြေမှာရှိပါတယ်။ ကျွန်တော်တို့ ရမ်းဗြဲကျွန်းဟာ ယခင်အခါများက ဆိုလို့ရှိရင် ပြည်မနဲ့ ဆက်သွယ်တဲ့နေရာမှာ ရေကြောင်းနဲ့လေကြောင်းနှစ်ခုကိုပဲ အသုံးပြုခွင့်ရခဲ့ပါ တယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက်မှာ ကမ်းရိုးတန်းနဲ့ ရမ်းဗြဲကျွန်းကို ကားလမ်းတွေ ဖောက်ပေးလိုက်တဲ့အတွက်ကြောင့် အခုအခါမှာဆိုလို့ရှိရင် လမ်းချော မဟုတ်ပေမယ်‌့လည်း ရန်ကုန်မြို့နဲ့ကျောက်ဖြူမြို့ကို နေ့စဉ်အမြန်ကားတွေ သွားလို့ရနေပါပြီ။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ ကုမ္ပဏီကြီးတွေက ၂၂ ဘီးတပ်ကားတွေကို အသုံးပြုပြီးတော့ ကုန်ပစ္စည်းတွေတင် သွားလာနေကြတဲ့အတွက်ကြောင့် မြို့တွင်းမှာရော၊ မြို့ပြင်မှာပါ ကားလမ်းတွေ တော်တော်များများ ပျက်နေပါတယ်။ ဒါပေမယ့် ကုမ္ပဏီကြီးနှစ်ခုက ဒီပျက်စီးနေတဲ့ဟာတွေကို တာဝန်ယူပြုပြင်ပေးမယ်ဆိုတဲ့  သတင်းစကားကို ကြားရတဲ့အတွက်လည်း ကျွန်တော်တို့ အင်မတန် ဝမ်းသာစရာဖြစ်နေပါတယ်။ ကျွန်တော်တို့ ကျောက်ဖြူ မြို့ဟာနောက်လေး၊ ငါးနှစ်လောက်ဆိုလို့ရှိရင် တရုတ်ပြည်မကြီးနဲ့ ရထားလမ်းပေါက်ပြီးတော့ ရထားလမ်းနဲ့သွားလို့ရတဲ့ မြို့တစ်မြို့ ဖြစ်လာမယ် ဆိုတာလည်းသိရပါတယ်။ ကျွန်တော်တို့ ကျောက်ဖြူမြို့ရဲ့ အရှေ့တောင်ဘက် ၇ မိုင် လောက်အကွာမှာ ပင်လယ်ရေနက်ဆိပ်ကမ်းကြီးတစ်ခုလည်း တည်ဆောက်နေပါတယ်။ ဒီလိုပဲ မြို့ရဲ့အနောက် တောင်ဘက် ၆ မိုင်လောက်အကွာမှာ သဘာဝဓာတ်ငွေ့သန့်စင်စက်ရုံတစ်ခုကိုလည်း တည်ဆောက် နေပါတယ်။ ဒီလုပ်ငန်းကြီးတွေကို အကြောင်းပြုပြီးတော့ ဒေသခံပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာကြမယ်ဆိုတာလည်း ကျွန်တော်တို့ သိရှိရပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ကျောက်ဖြူဒေသရဲ့ လျှပ်စစ်ဓာတ်အားအကြောင်းကို တင်ပြတဲ့အခါ ပိုမိုပြည့်စုံစေချင်တဲ့အတွက်ကြောင့် ကျောက်ဖြူမြို့ရဲ့ အနေအထားကို အနည်းငယ် တင်ပြလိုပါတယ်။ ကျောက်ဖြူမြို့ပေါ်မှာ မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နဲ့ မြို့ကိုဝန်းရံထားတဲ့  ကျေးရွာ ၇ ရွာဟာ ဒီမြို့က လျှပ်စစ်မီးကိုအသုံးပြုကြရပါတယ်။ ကျောက်ဖြူမြို့ပေါ်မှာ အစိုးရ ပညာရေးကောလိပ်၊ ခရိုင်ပြည်သူ့ဆေးရုံ၊ လေယာဉ်ကွင်း၊ သင်္ဘောဆိပ် နှစ်ခု၊ သင်္ဘောဆိပ် နှစ်ခု အနက်က အမှတ်(၁)သင်္ဘောဆိပ်ဆိုလို့ရှိရင် မြို့ရဲ့ကမ်းနားလမ်းမှာတည်ရှိပြီးတော့ အခုအခါ အသစ်ဆောက်လုပ်ထားတဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေ နေ့၊ ညမဟူ ဆိုက်ကပ်နိုင်တဲ့ သင်္ဘောဆိပ် လည်းဖြစ်ပါတယ်။ အဲဒီသင်္ဘောဆိပ်နားမှာပဲ တန် ၆၀၀ ဆံ့ အအေးခန်းစက်ရုံကတော့ အခုအခါမှာ ပိတ်ထားပါတယ်။ ကျောက်ဖြူမြို့မှာ ဓညဝတီရေတပ်ဌာနချုပ်နဲ့ ခလရ ၃၄ ၊ ခမရ ၅၄၂၊ ခမရ ၅၄၃ တပ်ရင်းများနဲ့ ကြည်းတပ်ဗျူဟာတစ်ခုလည်းရှိပါတယ်။ ဒီတပ်ရင်းတပ်ဖွဲ့များဟာ ကျွန်တော်တို့ ကျောက်ဖြူမြို့ရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲရေးအသိုင်း အဝိုင်းဖြစ်လာကြမှာ ဖြစ်ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ဒီမေးခွန်းကို လွှတ်တော်မှာ မေးခွင့်တင်သွင်းတဲ့အချိန်မှာ ကျောက်ဖြူမြို့ရဲ့ မီးလင်းရေးအခြေအနေကို တင်ပြလိုပါတယ်။ အဲဒီအချိန်က ကျောက်ဖြူမြို့မှာ မီးလင်းရေးကော်မတီဖွဲ့ပြီးတော့ မီးလင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ တစ်နေ့ကို        ၅ နာရီ၊ တစ်ယူနစ်ကို ငွေ ၅၀၀ နှုန်းနဲ့ပေးပါတယ်။ အခုတော့ အချိန်တစ်လကျော်လောက်ကြာတဲ့ အတွက်ကြောင့် အပြောင်းအလဲအနည်းငယ်ဖြစ်သွားပါပြီ။ ကျောက်ဖြူမြို့မှာ လျှပ်စစ်ဌာနပိုင် မီးစက်တွေရှိသလိုပဲ မြို့ကပိုင်တဲ့ မီးစက်တစ်လုံးလည်းရှိပါတယ်။ ဒီမီးစက်ကတော့ ရွှေသဘာဝ ဓာတ်ငွေ့က လှူဒါန်းထားတဲ့ မြို့သူမြို့သားတွေပိုင်တဲ့မီးစက်ဖြစ်ပြီး ကီလိုဝပ် ၁၀၀ အား ရှိတဲ့ ဝီလ်ဆင်အမျိုးအစား ဒီဇယ်သုံးအင်ဂျင်လို့ သိရပါတယ်။ လောလောဆယ်မှာလည်း ဒီမီးစက်ကို အသုံးပြုပြီးတော့ ကျောက်ဖြူမြို့ကို မီးပေးနေပါတယ်။ အခုတော့ကာ ကျောက်ဖြူမြို့ မီးလင်းရေးနဲ့ ပတ်သက်ပြီးတော့ မီးလင်းရေးလုပ်ငန်းတွေကို  မြို့ပေါ်က ပုဂ္ဂလိကလုပ်ငန်းရှင်တွေ စုပေါင်းတာဝန်ယူ လုပ်ကိုင်နေကြပါတယ်။ အရင်မီးလင်းရေးကော်မတီ မဟုတ်တော့ပါဘူး။ လုပ်ငန်းရှင်များ စုပေါင်း တာဝန်ယူတဲ့နောက်ပိုင်းမှာ အခုမီးပေးတဲ့ အနေအထားဆိုလို့ရှိရင် ညနေ ၅ နာရီခွဲကနေ ည ၁၁နာရီခွဲ  အထိ ၆ နာရီ မီးပေးပါတယ်။ အဲဒီမီးပေးတဲ့အဖွဲ့ကို နိုင်ငံတော်ကတစ်လ ဂါလန် ဆီ ၂၅၀၀ စီစဉ် ပေးတယ်လို့သိရပါတယ်။ နောက်ထပ်လိုအပ်တာတွေကိုတော့ ဒေသပေါက်ဈေးနဲ့ဝယ်ရပါတယ်။ ကျောက်ဖြူမြို့မှာ ကျွန်တော်သိရသလောက် ပုဂ္ဂလိကသုံး မီတာ ၂၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အခုလက်ရှိ ဓာတ်အားခကောက်ခံမှု အနေအထားကိုတင်ပြလိုပါတယ်။ ဓာတ်အားခကောက်ခံတဲ့ နေရာမှာ နှစ်မျိုးနှစ်စား ခွဲခြားကောက်ခံတယ်ဆိုတာ ကျွန်တော်တို့သိရပါတယ်။ ပထမအမျိုးအစား ကတော့ သာမန်သုံးပြည်သူများ၊ သာမန်သုံးပြည်သူများအတွက် အခြေခံယူနစ် ၁၈ ယူနစ်ပေးပါတယ်။ ၁၈ ယူနစ်မှာ ၁၀ ယူနစ်ကို တစ်ယူနစ် ၂၅ ကျပ်နှုန်းနဲ့ ၂၅၀ ကျပ်ပေးရပါတယ်။ နောက်ကျန်တဲ့          ၈ ယူနစ်ကိုတော့ ၅၀၀ နှုန်းနဲ့ ၄၀၀၀ ကျပ်ပေးရပါတယ်။ မီတာထိန်းသိမ်းခ ၁၀၀၀ ဆိုတော့ သာမန်သုံးစွဲသူတစ်ယောက်ဟာ လစဉ် ၅၂၅၀ ကျပ်ဟာ မသုံးရင်လည်းပေး၊ သုံးရင်လည်းပေး၊ ပေးရတဲ့အခြေခံယူနစ်ရဲ့သဘောဖြစ်ပါတယ်။ နောက် လုပ်ငန်းသုံးယူနစ်ကတော့ အခြေခံ ယူနစ် ၅၀ သတ်မှတ်ထားပါတယ်။ ၂၅ ယူနစ်နဲ့ ၁၀ ယူနစ် ၂၅၀၊ ၅၀၀ ကျပ်နှုန်းနဲ့ ၄၀ ယူနစ် ၂၀၀၀၀၊ မီတာ ထိန်းသိမ်းခအတွက် ၁၀၀၀၊ စုစုပေါင်း ၂၁၂၅၀ ဒါလုပ်ငန်းသုံးဆိုပြီးတော့ လုပ်ငန်းသုံးပုဂ္ဂိုလ်တွေ ကတော့ အခြေခံလစဉ်မသုံးရင်လည်း ၂၁၂၅၀ ကျပ်ပေးရတယ်။ ပိုလို့ရှိရင်တော့ တစ်ယူနစ်ကို    ၅၀၀ နှုန်းနဲ့ပေးရပါတယ်။ လုပ်ငန်းသုံးဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ကျောက်ဖြူမြို့မှာ တွင်ခုံ လုပ်ငန်းတို့၊ သစ်ခွဲစက်လုပ်ငန်းတို့ရှိကြပါတယ်။ တွင်ခုံလုပ်ငန်း၊ သစ်ခွဲစက်လုပ်ငန်းရှင်တွေက ဒီစက်ကအားကိုသုံးတာမဟုတ်ပါဘူး။ သူတို့က ပုဂ္ဂလိကအင်ဂျင်တွေသုံးကြပါတယ်။ ဒီမီးစက်က ဓာတ်အားတွေကို ယူသုံးတာကတော့ ဗွီဒီယိုရုံ၊ ရုပ်ရှင်ရုံ၊ မိတ္တူကူးလုပ်ငန်းတွေပဲသုံးပါတယ်။ ဒီလုပ်ငန်းအသေးအမွှားလေးတွေပဲ သုံးကြပါတယ်။ ဒီတော့ ကျွန်တော်တို့ ဒီသာမန်သုံးစွဲသူ ပုဂ္ဂိုလ်များနဲ့လည်း မသုံးရင်လည်း ၅၂၅၀ ကျပ်၊ လုပ်ငန်းရှင်များကလည်း မသုံးရင်လည်း       ၂၁၂၅၀ ကျပ် အခြေအနေတွေကို ကျွန်တော်တို့က သိသာအောင်တင်ပြခြင်းပဲဖြစ်ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့အခု ကျောက်ဖြူမြို့ရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမေးခွန်း နဲ့ဆက်စပ်တဲ့အကြောင်းအရာတွေကို ကျွန်တော်ဆက်လက် တင်ပြလိုပါတယ်။ ကျွန်တော်တို့မြို့ရဲ့ မြောက်ဘက် ၂၅ မိုင်လောက်အကွာမှာ ရွှေ ၁၊ ရွှေ ၂ လို့ခေါ်တဲ့ ဓာတ်ငွေ့သိုက် ရွှေသဘာဝ ဓာတ်ငွေ့လုပ်ငန်းအဖွဲ့က သဘာဝဓာတ်ငွေ့တွေထွက်တယ်။ အဲဒီသဘာဝဓာတ်ငွေ့တွေကို မြို့ရဲ့ အနောက်တောင်ဘက် ၆ မိုင် လောက်အကွာမှာရှိတဲ့ မလကျွန်းကျေးရွာမှာ အခုအခါ စက်ရုံ တည်ဆောက်နေပါတယ်။ အဲဒီစက်ရုံမှာ ဒီဓာတ်ငွေ့တွေကိုသန့်စင်မယ်။ သန့်စင်ပြီးတော့ တရုတ် နိုင်ငံကို ပိုက်လိုင်းတွေနဲ့သွယ်ပြီးတော့ ပို့ပေးမယ်လို့သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရခိုင်ဒေသ၊ ဒေသခံတွေကသိလိုကြတဲ့ မေးခွန်းတွေကို ကျွန်တော်မေးမြန်းလိုပါတယ်။ ကျွန်တော်တို့ ရခိုင်ဒေသခံ ပြည်သူတွေကတော့ ဒို့ဆီမှာသဘာဝဓာတ်ငွေ့တွေထွက်တယ်။ ဒို့ဆီမှာ သဘာဝဓာတ်ငွေ့သန့်စင် စက်ရုံကြီး တည်ဆောက်နေတယ်။ မကြာခင်မှာ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး   လုပ်ငန်း ပေါ်လာတော့မယ်။ ဒီလိုပေါ်လာရင် လျှပ်စစ်ဓာတ်အားကို အချိန်ပြည့်လည်းသုံးရမယ်။ ဓာတ်အားခလည်းသက်သာမယ်။ အိမ်တွင်းစက်မှုလုပ်ငန်းတွေလည်း တွင်ကျယ်လာမယ် စသည်ဖြင့် မျှော်လင့်ချက်ကြီးစွာနဲ့ ပြောဆိုနေကြပါတယ်။ မေးနေကြပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ဒီလိုမျှော်လင့်ချက်တွေထားရှိပါတယ်။ အဲဒါကြောင့် ဒေသခံတွေသိရှိမေးမြန်းနေကြတဲ့ မေးခွန်း သုံးခုကို မေးမြန်းလိုပါတယ်။ မေးခွန်းတွေကတော့ (က) မလကျွန်းကျေးရွာအနီးရှိ စက်ရုံများမှ သန့်စင်ပြီး သဘာဝဓာတ်ငွေ့တစ်စုံတစ်ရာကိုအသုံးပြု၍ ကျောက်ဖြူမြို့အတွက် လျှပ်စစ် ဓာတ်အားပေးမည့်လုပ်ငန်းကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ (ခ) အကယ်၍ ဆောင်ရွက် ပေးရန်အစီအစဉ်မရှိပါက အဘယ့်ကြောင့်ပါနည်း။ (ဂ) နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းများမှ ကျောက်ဖြူမြို့အတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန် အစီအစဉ်များရှိ/မရှိ မေးမြန်းပါသည်။