(ဂ)-ဘိုကလေး-ဖျာပုံကားလမ်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ယနေ့နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက် နေတဲ့ နိုင်ငံအဝန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လုံခြုံချောမွေ့ စေရေးသည် အခြေခံကျတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ် သည်ဟုဆိုတာနှင့်အညီ ကျွန်တော်တို့ မြစ်ဝ ကျွန်းပေါ်ဒေသမှာ ပြည်ထောင်စုအစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဧရာဝတီတိုင်းဒေသကြီး လမ်းကွန်ရက်စီမံကိန်းများဖြစ်သည့် လမ်းအမှတ် ၅၊ ဘိုကလေး-ကျိန်ချောင်း-ဂဒုံကနိလမ်း၊ လမ်းအမှတ် ၆၊ ဘိုကလေး-စက်ဆန်း-ထော်ပိုင်-အမာလမ်းနှင့် လမ်းအမှတ် ၁၁၊ ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး၊ ြမောင်းမြလမ်းများသည် ဘိုကလေးမြို့မှာ ဦးတည်တွေ့ဆုံပြီး ဘိုကလေး-ဖျာပုံကားလမ်းမှတစ်ဆင့် မြန်မာနိုင်ငံအနှံ့သို့ ဆက်သွယ်သွားလာနိုင်တဲ့ အတွက် ဘိုကလေး-ဖျာပုံကားလမ်းဟာ ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ဒေသကြီးရဲ့ ကုန်းလမ်း ထွက်ပေါက်တစ်ခုဖြစ်ပါတယ်ခင်ဗျား။ ဖျာပုံ-ဘိုကလေးကားလမ်းကို ၁၉၉၀ ခုနှစ်မှစတင်ပြီး ဖောက်လုပ်ခဲ့ပါတယ်။ လမ်းအရှည် ၁၉ မိုင်၊ ၂ ဖာလုံရှိပြီး ၎င်းလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူပြီး အဆင့်ဆင့်တိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ လမ်းအကျယ် ၁၂ ပေရှိ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ ဖျာပုံဘက်လမ်းအပိုင်း က ၅ မိုင်၊ ၇ ဖာလုံနှင့် ဘိုကလေးဘက်လမ်းအပိုင်းမှာ ၄ မိုင်၊ စုစုပေါင်း ၉ မိုင်၊ ၇ ဖာလုံပြီးစီးခဲ့တဲ့အတွက် ဒေသခံပြည်သူ များကလည်း ဝမ်းသာပီတိဖြစ်ခဲ့ကြရပါတယ်ခင်ဗျား။ ကျန်ရှိနေတဲ့ ၉ မိုင်၊ ၃ ဖာလုံအရှည်ရှိတဲ့ လမ်းအလယ်ပိုင်းမှာ မိုးတွင်းကာလရောက်တိုင်း အပျက်အစီးများပြီး သွားလာရေးခက်ခဲတဲ့အတွက် ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးအရေးပေါ် ကိစ္စများသွားလာရာတွင် ခရီးကြန့်ကြာမှုများရှိနေသည့် အတွက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စရပ်များမှာ အခက်အခဲနှင့်နစ်နာမှုများ မကြာခဏ ကြုံတွေ့နေရပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဘိုကလေး-ဖျာပုံကားလမ်း သွားလာမှုလွယ်ကူ ချောမွေ့စေရေးအတွက် ကတ္တရာခင်းခြင်းလုပ်ငန်း အမြန်ဆုံးပြီးစီးနိုင်ရန် ဒေသခံပြည်သူများကလည်း လိုလားတောင့်တလျက်ရှိနေကြပါတယ်။ သို့ပါ၍ ယခုနှစ်ပွင့်လင်းရာသီမှာ ကတ္တရာခင်းခြင်း လုပ်ငန်းများစီစဉ်ဆောင်ရွက်ထားမှုကို သိရှိလိုကြပါကြောင်း မေးမြန်းပါသည်။