(ခ)-ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ကြသော ဝန်ထမ်းများအား ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ အရည်အချင်း တူညီပါက ဒေသခံပြည်နယ်သားများအား ဦးစားပေးစီစဉ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

 

(ခ)-ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ကြသော ဝန်ထမ်းများအား ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ ပြည်နယ်နှင့်ရုံးချုပ်များတွင် အလှည့်ကျတာဝန် ထမ်းဆောင်စေခြင်း၊ အရည်အချင်း တူညီပါက ဒေသခံပြည်နယ်သားများအား ဦးစားပေးစီစဉ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

အစိုးရဝန်ထမ်းများအား မြေပြန့်၊ တောင်ပေါ်ဒေသ ခွဲခြားခြင်းမရှိဘဲ နေရာအနှံ့တို့တွင် အလှည့်ကျစနစ်ဖြင့်သော်လည်းကောင်း၊ လုပ်ငန်းအတွေ့အကြုံ၊ ဗဟုသုတရရှိစေရန်သော်လည်း ကောင်း၊ ပြစ်ဒဏ်ဖြင့် တောင်ပေါ်ဒေသသို့ တာဝန်ထမ်းဆောင်စေ၍သော်လည်းကောင်း၊ ရာထူး တိုးမြှင့်၍သော်လည်းကောင်း တာဝန်ပေးအပ်လျက်ရှိသည်ကို လေ့လာသိရှိရပါတယ်။ သို့ရာတွင် တောင်ပေါ်ဒေသမှာ ဒေသခံဝန်ထမ်းများအား လုပ်ငန်းအတွေ့အကြုံနဲ့ စွမ်းဆောင်ရည်မြင့်မားစေရန် ပြည်နယ်ရုံးနှင့် ရုံးချုပ်များသို့လည်းကောင်း၊ မြေပြန့်ဒေသများသို့လည်းကောင်း၊ ပြောင်းရွှေ့ လေ့ကျင့်တာဝန်ထမ်းဆောင်စေမှုမှာနည်းပါးပြီး မြေပြန့်ဒေသမှ ဝန်ထမ်းများအား တောင်ပေါ် ဒေသတွင် ခန့်အပ်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အကျင့်ပျက်၍ ပြစ်ဒဏ်များပေးခြင်း နည်းလမ်း များဖြင့် လာရောက်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ကြသည့် ဦးရေမှာ များပြားလျက်ရှိပါတယ်။ ဤသို့ဖြစ်ရခြင်းသည် မြေပြန့်ဒေသသားများက တောင်ပေါ်ဒေသများထက် အသိဉာဏ်ပညာ ဖွံ့ဖြိုး ပြီး လူမှုစီးပွားရေးဘဝ မြင့်မားကြောင်းကို ဖော်ပြခြင်းပင်ဖြစ်ပါတယ်။ လူနေမှုအဆင့်အတန်း မြင့်မားကြသော မြေပြန့်ဝန်ထမ်းများသည် တောင်ပေါ်ဒေသတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲ ခြင်း၊ စားဝတ်နေထိုင်မှုဆင်းရဲခြင်း အစရှိသည့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့လာရသောအခါ စိတ်ဓာတ်ကျဆင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ကျေပွန်စွာထမ်းဆောင်နိုင်ခြင်းမရှိသည်ကို လေ့လာတွေ့ရှိရပါတယ်။ တောင်ပေါ်ဒေသမှ ဒေသခံတိုင်းရင်းသား ပြည်သူများဟာ အသိဉာဏ် ပညာဖွံ့ဖြိုးမှုနည်းပါးပြီး လူမှုစီးပွားဘဝ နိမ့်ကျလျက်ရှိပါတယ်။ တောင်ပေါ်ဒေသသားများဟာ မိမိဒေသ ဖွံ့ဖြိုးတိုးတက်စေလိုသော စိတ်ဓာတ်စေတနာရှိသော်လည်း အသိပညာ၊ အတတ်ပညာ၊ နည်းပညာနှင့် စီမံခန့်ခွဲမှုပညာများ အားနည်းလျက်ရှိကြပါတယ်။ ထို့ကြောင့် တောင်ပေါ်ဒေသမှ ဝန်ထမ်းများအား ပြည်နယ်ရုံး ရုံးချုပ်နှင့် မြေပြန့်ဒေသတွင် လုပ်ငန်းကျွမ်းကျင်မှုနှင့် အတွေ့အကြုံ ရရှိအောင် လေ့ကျင့်ပြုစု ပျိုးထောင်၍ တောင်ပေါ်ဒေသသို့ ပြန်လည်တာဝန်ထမ်းဆောင်စေပါက နိုင်ငံတော်၏ စစ်မှန်သော စေတနာများကို တိုင်းရင်းသားများက သိရှိခံစားပြီး တောင်ပေါ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ မိမိပြည်နယ်၊ မိမိဒေသတွင် ဝန်ထမ်းများ ခန့်ထားခြင်း၊ ရာထူးတိုးခြင်း၊ ပြောင်းရွှေ့ခြင်း လုပ်ဆောင်ရာ၌ ဒေသခံများကို ဦးစား ပေးသင်‌့သည်ဟု ထင်မြင်ယူဆပါတယ်။ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၂၂ မှာ နိုင်ငံတော်သည် (က) တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီ ဆောင်ရွက်မည်။ (ခ) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်း ကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်။    (ဂ) တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေသည့် တိုင်းရင်းသားများ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီ ဆောင်ရွက်မည်ဟု ဖော်ဆောင်ထားပါသည်။ ဒါ့အပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၇ တွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရသည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စုဥပဒေနှင့် အညီလည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍လည်းကောင်း၊ မိမိတာဝန်ယူ အကောင်အထည်ဖော်ရမည့်လုပ်ငန်းများကို ဆောင်ရွက်ရန် (က) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဆိုင်ရာ နယ်ဘက်အစိုးရဝန်ထမ်းများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ (ခ) လိုအပ်သော နယ်ဘက်ဝန်ထမ်းများကို ခန့်အပ်နိုင်သည်ဟူ၍ ဖော်ပြထားသော်လည်း လက်တွေ့နယ်ပယ်တွင် ကွဲလွဲလျက်ရှိနေပါသည်။

သို့ဖြစ်ပါ၍ ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ကြသော အစိုးရ ဝန်ထမ်းများ၏ လူမှုစီးပွားဘဝအခက်အခဲများ ပပျောက်၍ သတ်မှတ်တာဝန်ကျ ကာလအတွင်း တိုင်းရင်းသားပြည်သူများအား စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် အလုပ်အကျွေးပြုစေရန်အတွက် ဝန်ထမ်း များအား ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ ရုံးချုပ်နှင့်မြေပြန့်ဒေသတွင် အလှည့်ကျ တာဝန်ထမ်းဆောင်စေခြင်း၊ လုပ်ဆောင်ရာ၌ အရည်အချင်းတူညီပါက ဒေသခံပြည်နယ်သားများအား ဦးစားပေးအစီအစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။