(ဂ)-လုပ်သက်မြင့်နိုင်ငံ့ဝန်ထမ်းများသတ်မှတ်ထားသည်‌့ငွေကြေးကိုမိမိတို့လစာငွေများမှ အရစ်ကျအကျေ ပေးသွင်းခဲ့သည်‌့ မြေကွက်များတွင် တရားဝင်နေထိုင်ခွင့် ရရှိရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

 

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့မှာ လွှတ်တော်မှာမေးမြန်းခဲ့တဲ့မေးခွန်း တစ်ရပ်ဖြစ်တဲ့ ဌာနဆိုင်ရာနိုင်ငံ့ဝန်ထမ်းများအား တရားဝင်ချမှတ်ပေးပြီးဖြစ်တဲ့မြေကွက်များအား နေထိုင်ခွင့်ဆုံးရှုံး ကြရသဖြင့် တရားဝင်နေထိုင်ခွင့်ရရှိရေးအတွက်ဆောင်ရွက်ပေးနိုင်ပါရန် လွှတ်တော်မှာမေးမြန်း ခဲ့ပါတယ်။ ထိုမေးခွန်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးမှ လွှတ်တော်မှာလာရောက်ဖြေဆိုခဲ့သော်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ ဤကိစ္စအား ဝန်ကြီးဌာနတစ်ခုတည်းမှ ဆောင်ရွက်၍မရနိုင်ကြောင်းနှင့် နိုင်ငံတော်အကြီးအကဲသို့တိုက်တွန်း ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ အချက်အလက်များတိကျစွာဖော်ပြ ၍ထပ်မံတင်ပြရန် လွှတ်တော်မှဆုံးဖြတ်ခဲ့ပါသဖြင့် အသေးစိတ်အချက်အလက်များကိုစုံလင်စွာ တင်ပြခဲ့ရာ အချက်အလက်အထောက်အထားများအဖြစ် ကျွန်တော်အကျဉ်းချုပ်ဖော်ပြရရင် ဝန်ထမ်း များဟာ ၁၉၉၀ ခုနှစ်၊ အတိအကျဆိုရင် ၁၉၈၉ ခုနှစ် နှစ်ကုန်ကာလကနေစပြီး မိမိတို့လစာငွေ ထဲကနေ လစဉ်တစ်လကို ၂၀၀ ကျပ်နှုန်းနဲ့ဖြတ်တောက်ပြီး တစ်နှစ်ကို ၂၄၀၀၊ ၅ နှစ် ၁၂၀၀၀ ထိုကာလကမိမိတို့လစာငွေထဲကခြစ်ခြုတ်ပြီး ထုတ်ပေးခဲ့ရတာဖြစ်ပါတယ်။ အဲ့လို ၅ နှစ်တာပေးခဲ့ပြီးမှ ရတဲ့ မြေကွက်ဖြစ်ပါတယ်။ ရေမရှိ၊ လမ်းမရှိ၊ မီးမရှိ၊ ကောင်းမွန်စွာသွားလို့မရနိုင်တဲ့ရပ်ကွက်ဖြစ်တဲ့ အပြင် ရဲစခန်း၊ ဆေးရုံ၊ စာသင်ကျောင်းများ လုံလောက်မှုမရှိ၊ ဘတ်စ်စကားလိုင်းများပြေးဆွဲပေးမှု မရှိဘဲနှင့် မြို့ပြအင်္ဂါရပ်နဲ့ညီညွတ်မှုမရှိခြင်းကိုတင်ပြခဲ့ပါတယ်။ ဖျက်သိမ်းခံရမယ့်ရပ်ကွက်ပေါင်း ၁၁ ရပ်ကွက်မှာ ဝန်ထမ်းပေါင်း ၈၀၇၉ ဦးရဲ့ အိမ်ခြံကွက်ပေါင်း ၈၀၇၉ ကွက်ပါရှိပြီး ဌာနပေါင်း များစွာတို့ရဲ့လုပ်သက်မြင့်ဝန်ထမ်းများပါဝင်ပါတယ်။ ယခုအချိန်မှာ ဝန်ထမ်းများဟာအများအားဖြင့် ပင်စင်စားသက်ကြီးရွယ်အိုများဖြစ်နေပြီး အချို့မှာ လုပ်ငန်းခွင်မှာရှိနေတဲ့လုပ်သက်မြင်‌့သက်ကြီး ရွယ်အိုဝန်ထမ်းများဖြစ်ပါတယ်။ ၎င်းတို့ဟာ လုပ်သက်အနှစ် ၂၀ ပြည့်မှ အချို့ကာကွယ်ရေး ဝန်ကြီးဌာနဆို လုပ်သက်အနှစ် ၃၀ ပြည့်မှဒီမြေကွက်ကိုရတာဖြစ်ပါတယ်။ ၅ နှစ်တိုင်ပေးသွင်း ခဲ့တဲ့ငွေကြေး ၁၂၀၀၀ ကို ထိုအချိန်ကာလကတန်ဖိုးနဲ့နှိုင်းယှဉ်ရင် အလွန်မြင့်မားပါတယ်။ ယခု အဲ့ဒီငွေကြေး ၁၂၀၀၀ ကိုပဲ မူလပေးသွင်းထားတဲ့ငွေကြေးကိုသာပြန်အမ်းမယ်လို့ အစိုးရကနေ ကြေညာချက်ထုတ်တာဖြစ်ပါတယ်။ ၇-၃-၂၀၁၂ နေ့စွဲဖြင့် နိုင်ငံပိုင်သတင်းစာမှာ နိုင်ငံံ့ဝန်ထမ်းများ ကိုပေးအပ်ပြီးတော့ မြေချပါမစ်မူရင်း၊ မြေငှားစာချုပ်မူရင်း၊ မြေယာပိုင်ဆိုင်မှုအထောက်အထားများကို ၃၁-၃-၂၀၁၂ ရက်နေ့နောက်ဆုံးထား၍ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်၊ နေပြည်တော်) သို့လာရောက် ပေးဆောင်ရန်၊ ငွေပြန်ထုတ်ယူရန်ကြေညာခဲ့ပါတယ်။ ထို့အပြင် ထိုဝန်ထမ်းများရရှိတဲ့ အိမ်ခြံမြေကွက် များထဲကို မြေကြီးများထွန်ယက်၍ ကျူးကျော်စိုက်ပျိုးထားသဖြင့် မြေကွက်ပိုင်ရှင် များက အိမ်ဆောက်ရန်အခက်အခဲဖြစ်နေကြသဖြင့် သက်ဆိုင်ရာနယ်မြေအာဏာပိုင်အသီးသီး သို့တင်ပြခဲ့ကြသော်လည်း အိမ်ဆောက်နေထိုင်ခွင့်မရနိုင်ခဲ့ကြပါဘူး။ ဆောက်လုပ်နေထိုင်လျက်ရှိတဲ့ ဝန်ထမ်းတွေ၊ ပင်စင်စားတွေက ရွှံ့ဗွက်တော၊ ရေကွင်းတောထဲမှာနေထိုင်ကြတဲ့ အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြရခြင်းကို    ၁၄-၃-၂၀၁၂ ရက်နေ့မှာ ပထမအစီရင်ခံစာတင်ပြချက်ကိုလည်းကောင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ပြည်သူများနှင့်သွားရောက်တွေ့ဆုံခဲ့ပြီးတော့မှ ၎င်းတို့ရဲ့တင်ပြချက်စာရွက် စာတမ်းများ၊ အထောက် အထားများ၊ ဓာတ်ပုံပေါင်း ၃၀ ကျော်တို့ဖြင့် ကျွန်တော်ဟာ ၂၀-၃-၂၀၁၂ ရက်နေ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးထံ ဒုတိယအစီရင်ခံစာကိုလည်းကောင်းတင်ပြခဲ့ပါတယ်။ သို့ပါသော် လည်း ဒီဝန်ထမ်းများအားချပေးပြီးွဖစ်တဲ့  ဒဂုံမြို့သစ်အရှေ့ပိုင်းမှာရှိတဲ့ ဝန်ထမ်းများ၊ ပင်စင်စားများ၊ ဆက်ခံသူမိသားစုများပိုင်ဆိုင်ကြတဲ့ မြေကွက်များနှင့်စပ်လျဉ်းတဲ့ တိကျတဲ့ကြေညာ ချက် တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိသေးပါဘူး။ အိုးအိမ်ဦးစီးဌာနက ၇-၃-၂၀၁၁ ရက်နေ့ ထုတ်ပြန်ခဲ့ တဲ့အသိပေးကြေညာချက်ဟာ ယခုတိုင်အကျိုးသက်ရောက်မှု ရှိနေပါတယ်။ ပြည်သူတွေဟာ ယခုတိုင်အပြစ် ကျုးလွန်သူများအဖြစ် သက်ရောက်နေပါတယ်။ သူတို့ဟာလည်း စိတ်မချမ်းသာစွာနှင့် စိုးရိမ်ပူပန်စွာ နေထိုင်နေရပါတယ်။ အနည်းငယ်တင်ပြရရင် ကျွန်တော့်ဆီကို လက်မှတ်ထိုးပြီးတော့မှ  တင်ပြထားတဲ့ ဝန်ထမ်းပင်စင်စားပေါင်းရာနှင့်ချီပါတယ်။ တင်ပြစာပေါင်းလည်း ရာနှင့်ချီပါတယ်။ ဒါနှင့်ပတ်သက်ပြီး လွှတ်တော်ကို ပူးတွဲ- ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ အထိတင်ပြီးတော့မှ ကျွန်တော် ဖော်ပြခဲ့ပါတယ်။ တချို့ကာကွယ်ရေးဌာနက ဝန်ထမ်းများဆိုရင် အိမ်ဆောက်ပြီးပြီ။ အဲ့ဒီကာကွယ်ရေး ဌာနက ၁၉၉၈ မှာ သူရဲ့အသက်က ၅၅ နှစ် ဖြစ်ပါတယ်။ အခု ၂၀၁၂ ခုနှစ်မှာ အသက် ၆၉ နှစ် ဖြစ်ပါတယ်။ ခလရ(၈၈)က ပုဂ္ဂိုလ်တစ် ဦးဖြစ်ပါတယ်။ သားသမီးအားလုံးမိသားစုက ၇ ယောက် ရှိပါတယ်။ လူမမယ်ကလေးတွေပါပါတယ်။ သူတို့မိသားစုရဲ့ဆက်ခံခွင့် ဒီအိမ်လေးမှာ နေဖို့သူတို့တွေ ကြိုးစားတာ အဲ့ဒီနေရာမှာသူတို့ အခုလက်ရှိလည်းရှိပါတယ်။ နောက်လက်ရှိ လွှတ်တော်မှာ တာဝန် ထမ်းဆောင်နေတဲ့ဝန်ထမ်းတစ်ဦးရဲ့မိဘ၊ သူ့အဖေဟာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှာ အလုပ်လုပ် ပါတယ်။ အဲ့ဒီကနေသူမြေတစ်ကွက်ရထားပါတယ်။ သူ့အသက် ၁၉၉၈ တုန်းက ၅၈ နှစ်မှာ၊ အခု သူ့အသက်က ၇၂ နှစ်ရှိပါပြီ။ သူအဲ့ဒီမှာနေလိုပါတယ်။ ဒါပေမယ့် သူတို့ရဲ့မြေကွက်ကို လာရောက်ပြီး တော့မှ အိမ်ဆောက်ထားခြင်း မရှိပါဘူးဆိုတဲ့အကြောင်းပြချက်နှင့် ဒါတွေကို သိမ်းဆည်းတယ်လို့ သိရပါတယ်။ သိမ်းတဲ့နေရာမှာ ကွက်ကျော်သိမ်းသွားတာတွေ တွေ့ရပါတယ်။ ဒီမြေကွက်တွေ အားလုံး ချထားစဉ်က မြေကွက်ပေါင်းများစွာရှိပါတယ်။ ဒါပေမယ့် သိမ်းတဲ့အခါမှာ ၁၂၁၊ ၁၂၂ အဲ့ဒီရပ်ကွက် ထဲမှာ ၁၂၁ မှာအိမ်ခြေပေါင်း ၁၁၄ အိမ်၊ တချို့ရပ်ကွက်တွေမှာ တစ်ဝက်ပိုင်းပြီး သိမ်းသွားတာကို တွေ့ရပေမယ့် တချို့ရပ်ကွက်ကအပြည်၊့ တချို့ရပ်ကွက်မှာ ရာဂဏန်းလောက်ချန်ထားတာကို တွေ့ရ ပါတယ်။ အဲ့လိုသိမ်းတဲ့ အရှေ့ပိုင်းမြို့နယ်။ အဲ့လိုမျိုး ဒဂုံအ‌ရှေ့မြို့နယ်တွေမှာ အများကြီးအကွက်တွေ ရိုက်ထားပြီးပါပြီ။ ရပ်ကွက်ပေါင်း ၁၁ ကွက်၊ အိမ်ထောင်စုပေါင်း ၈၀၇၉ ကွက်ကို သိမ်းတာ။ ဒီလို ကွက်ပြီးသိမ်းတဲ့အတွက် ဝန်ထမ်းတွေက ကွက်ပြီးခံရသလိုဖြစ်ပါတယ်။ ဝန်ထမ်းဆိုတာ သူတို့ရဲ့ တစ်သက်လုံးလုပ်ခဲ့တဲ့ ဝန်ထမ်းဘဝရဲ့ ခံစားခွင့်တွေကို သက်ကြီးရွယ်အိုပင်စင်စားတဲ့ အချိန်မှာ ခံစားလို ကြပါတယ်။ သူတို့ဒီနေရာကို ဆောက်ပြီးတော့ အိမ်တွေကို ဟိုရွှေ့ဒီရွှေ့ရွှေ့တာကိုလည်း ခံကြရပါသေးတယ်။ သူတို့လာဆောက်တဲ့ အချိန်မှာ သူတို့ရဲ့မြေကွက်ထဲမှာ ဘယ်ကမှန်းမသိတဲ့သူ တွေက ထွန်ယက်စိုက်ပျိုးနေတာတွေ့ပါတယ်။ သူတို့ကို သွားပြီးမောင်းထုတ်ဖို့ ဝန်ထမ်းတွေမှာ တစ်ဦးချင်းအနေနဲ့ အင်အားမရှိကြပါဘူး။ သက်ဆိုင်ရာကို ဘယ်ကိုပြောကြမှန်း မသိကြအောင်ကို ဖြစ်ကြရပါတယ်။ အဲ့တော့ တစ်နေ့ဖယ်နိုး ဖယ်နိုးနဲ့သူတို့စောင့်နေကြတာ။ အခုနောက်ဆုံးတော့ သူတို့ကို နိုင်ငံတော်က ဖယ်တဲ့အဆင့်ကိုရောက်သွားပါတယ်။ နိုင်ငံတော်ကဖယ်တဲ့ပုံစံကတော့ ခေတ်မီ စက်မှုလယ်ယာစံပြအထူးစိုက်ပျိုးရေး ဇုန်အဖြစ် နိုင်ငံတော်က ဖော်ထုတ်ဆောင်ရွက်သည့်စီမံကိန်း ဧရိယာအတွင်း ပါဝင်နေပါသဖြင့် အဆိုပါမြေကွက်ချထားမှုအားပယ်ဖျက်ပြီး မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ မူလပေးသွင်းခဲ့တဲ့ မြေကွက်တန်ဖိုးများအား ပြန်လည်ထုတ်ပေးမည်ဖြစ်ပါတယ်။ အဲ့လို စီမံကိန်းမြေထဲမှာပါဝင်နေပါတယ်ဆိုရင် ဘာလို့မြို့ပြကို တည်ဆောက်ခဲ့သေးလဲ။ မြို့ပြ တည်ဆောက်ပြီးမှ စီမံကိန်းဖြစ်တာလား။ စီမံကိန်းကအရင်ဖြစ်ပြီးမှ မြို့ပြကနောက်မှဆောက်တာလား။ ကျွန်တော်တို့တွေ့တာတော့ မြို့ပြကို အရင်ဆောက်ထားတာပါ။ ဒါပေမယ့် စီမံကိန်းမြေထဲမှာ ပါဝင်နေ ပါသဖြင့် ပါဝင်နေတာမဟုတ်ဘူး။ စီမံကိန်းမြေက အဲ့ဒီမြို့ပြဆောက်ထားတဲ့အထဲမှာ လာလုပ်တာ။ စီမံကိန်းမြေလုပ်မယ်ဆိုတာမျိုးကို ကြေညာရမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေကဘာမှမသိရဘဲနဲ့ ငုတ်တုတ်မေ့ပြီးတော့မှ Target Date ပေးွခင်း၊ ဘယ်နေ့နောက်ဆုံးထားပြီး ဆောက်ရမယ် ဆိုတာမျိုးလည်း မပြောပြထားဘဲနဲ့ ဘာမျှမကြေညာဘဲနဲ့ ဗြုန်းဆိုသတင်းစာထဲမှာ ကြေညာလိုက်တဲ့ အချိန်မှာ ကြေညာတဲ့နေ့ရဲ့ ရက်ပိုင်းကိုပေးထားတာဖြစ်တယ်။ ၇-၃-၂၀၁၂ မှာပါပြီးတော့ ၃၀-၃-၂၀၁၂ နောက်ဆုံးဆိုတော့ ဘယ်လိုလုပ်ကြရမှာလဲ။ ဝန်ထမ်းတွေအတွက်ကို ဒါက နိုင်ငံတော်ကနေ ချမှတ်ပေးတာဖြစ်ပါတယ်။ အရင်အစိုးရကလုပ်ခဲ့တာကို နောက်အစိုးရကနေ ပြန်သိမ်းမယ်ဆိုရင် အခု ဒီအစိုးရလက်ထက်မှာချပေးတဲ့ မြေကွက်တွေရှိသလို နောက်ထပ်တက်လာမယ့်အစိုးရက ထပ်ပြီး သိမ်းမယ်ဆိုရင်ကော ကျွန်တော်တို့နိုင်ငံက တိကျတဲ့မူဝါဒမရှိတော့ဘူးလား။ ကျွန်တော်တို့ အခု ဝန်ထမ်းပေါင်းများစွာရဲ့ ရင်ထဲမှာစိတ်မချမ်းမြေ့မှုတွေကို ဒီအတိုင်းပဲကြည်‌့နေကြတော့မှာလား။ အခုလုပ်တဲ့ ဒီနေရာက နိုင်ငံတော်ကစီမံကိန်းဆိုတော့ ကျွန်တော် ကြည်‌့လိုက်ပါတယ်။ ဘယ်သူတွေ လုပ်တာလဲ။ တကယ်တော့ လုပ်တာကုမ္ပဏီတွေ ဖြစ်နေပါတယ်။ ဒီနေရာလေးက ဒဂုံအရှေ့ပိုင်း မြို့နယ်က အင်မတန်မှ စပါးအထွက်ကောင်းတဲ့နေရာဆိုတာ မဟုတ်ပါဘူး။  ကျွန်တော် သွားကြည့် ပါတယ်။ ကျိုးတို့ကျဲတဲစိုက်ထားတာ တွေ့ပါတယ်။ ပြီးတော့ သီးစားချထားပါတယ်။ စစ်ပင် တောင်တောင်ရွာ၊ မြောက်ရွာနှစ်ခုရှိပါတယ်။ အဲ့ဒီရွာကလူတွေကို သီးစားချထားတာ တွေ့ရပါတယ်။ ကျွန်တော်အကြိမ်ပေါင်းများစွာ ရောက်ပါတယ်။ အဲ့ဒီမှာ ညလည်းအိပ်ဖူးပါတယ်။ ကျွန်တော် သေသေချာချာလေ့လာပြီးမှ သူတို့ရဲ့ဘဝတွေကို သေသေချာချာကြည့်ခဲ့ပါတယ်။ ဝန်ထမ်းတွေက အပေါ်က ဘာမှညွှန်ကြားချက် မလာသေးဘူး။ အောက်က သာမန်ရပ်ကွက်အုပ်ချုပ်ရေးမှူး လောက်ကဖျက်ခိုင်းတာနဲ့ ဗြုန်းဆိုဖျက်လိုက်ရတာတွေ တွေ့ပါတယ်။ အဲ့လိုမျိုးတွေအထိ လုပ်ပြီးတော့ ယာယီတဲလေးတွေနဲ့နေကြတဲ့အခါမှာ နောက်ပြီး ၁၃-၃-၂၀၁၂ ဒီနှစ်ထဲမှာ လွှတ်တော်မှာမေးပြီးတဲ့ အခါမှာ လွှတ်တော်ခေတ္တပိတ်ချိန်မှာ သြင်္ကန်တွင်းကြီးမှာ စာရင်းကောက်တယ်ဆိုပြီးလာကောက် ပါတယ်။ ပြည်သူကိုမကြေညာဘဲနဲ့ ဒီနေရာတွေကို နိုင်ငံတော်ကစာရင်းလာကောက်တယ်။ စာရင်း ကောက်တယ်ဆိုတာ တိုးတိုးတိတ်တိတ်လုပ်ရမယ့်ကိစ္စမဟုတ်ပါဘူး။ ဝန်ထမ်းတွေကမဆောက်နိုင် သေးလို့၊ မလုပ်နိုင်သေးလို့၊ လာမနေနိုင်သေးလို့ဖြစ်ပါတယ်။ အဲ့ဒီမှာ ဝန်ထမ်းတချို့ကဘယ်လိုပြော သလဲဆိုရင် သူတို့အရင်တုန်းကသစ်တောရပ်ကွက်မှာ ၃၄၊ ၃၃ ရပ်ကွက်တုန်းက မြန်မာ့သစ်လုပ်ငန်းက အိမ်တစ်လုံးစာသစ်များရောင်းချပေးခြင်း၊ နယ်ဘက်မှသစ်များကိုရန်ကုန်သို့ကားဖြင့်သယ်၍ အိမ် အရောက်ပို့ပေးခြင်း၊ မိမိတို့ရရှိထားတဲ့မြေချပါမစ်နဲ့ နိုင်ငံတော်ဘက်မှငွေထုတ်ချေးပေးနိုင်ရန် ဆောက်ရွက်ပေးခြင်း၊ အငယ်တန်းစာရေးတစ်ယောက်လျှင်မြေချပါမစ်ရရှိပါက နိုင်ငံတော်ဘဏ်မှ ငွေကျပ်ငါးသောင်းတိတိနှင့် အကြီးတန်းစာရေးဆိုလျှင် မြေချပါမစ်နဲ့ ငွေကျပ်တစ်သိန်းတိတိ ထုတ်ချေး ပေးခဲ့ပါတယ်။ ဘဏ်မှငွေချေးပေးရန် သက်ဆိုင်ရာဌာနမှ ကူညီပေးခဲ့ပါတယ်။ နောက်ပိုင်းချပေးတဲ့ မြေကွက်များသက်ဆိုင်ရာမှ ဝါးတစ်လုံးပင်ရောင်းချမပေးခဲ့ပါ။ ကျွန်တော်များဝန်ထမ်းများနောက်ဆုံး နိုင်ငံတော်ကမြေကွက်ပေးခြင်းကိုရပ်ဆိုင်းလိုက်ပါတယ်။  ကျွန်တော်တို့ သစ်လုပ်ငန်းဝန်ထမ်းများရရှိ ထားသော မြေကွက်အမှတ်မှာ ၁၅၇၊ ၁၅၈ မြေကွက်ဖြစ်ပြီး မြေချထားပေးတဲ့ရက်စွဲမှာ ၂၆-၁၂-၂၀၁၂ ဖြစ်ပါတယ်။  ထို့ကြောင့် မိမိတို့လစာဖြင့်အိမ်တစ်အိမ်ဆောက်နိုင်ရန်မှာ အလွန်ခက်ခဲကြောင်း တင်ပြအပ်ပါတယ်။ ယခုအချိန်တွင် ကျွန်တော့်အသက် ၆၀ ပြည့် ပင်စင်စားဘဝရောက်နေချိန်တွင် မိမိတို့ထိုက်ထိုက်တန်တန် နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ရွက်မှုမှရရှိသောမြေကွက်တစ်ကွက် အား တစ်ချိန်ကသွင်းထားသော ၁၀၀၀၀ ကျော်ပြန်ပေးပြီးတော့မှ မြေကွက်ပြန်သိမ်းလျှင် နိုင်ငံံ့ ဝန်ထမ်းများအနေဖြင့် အထူးနစ်နာဆုံးရှုံးရပါတယ်။ ကျွန်တော့်ကို ပြန်လည်ဖြေကြားပေးတဲ့စာတစ် စောင်မှာ မနစ်နာအောင်ဆောင်ရွက်ပေးမယ်ဆိုပြီးတော မြေကွက်ရရှိသူဝန်ထမ်းများ နစ်နာမှုမရှိ စေရေးညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘယ်လိုညှိနှိုင်းဆောင်ရွက်မှာလဲ။ နိုင်ငံတော်ဆိုတာ တိတိကျကျနဲ့ အမိန့်ထုတ်ပြန်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကိုပဲ မေးခွန်းမေးတဲ့အခါမှာ အဖြေဖြေတဲ့အခါမှာ လွှတ်တော်မှာ အချိန်အားဖြင့် နည်းတဲ့အတွက် ကျွန်တော်တို့ စာတွေနဲ့ဖြေပါတယ်။ ကျွန်တော်တို့က ပြည်သူလူထုသိဖို့မေးတာပါ။ သူတို့စာနဲ့ဖြေတဲ့ အခါမှာ အဲ့ဒီစာတွေကိုကျွန်တော်တို့ကဘယ်လိုထုတ်ပြန်ရမှာလဲ။ ဘယ်လိုမှမထုတ်ပြန်ရင်ပြည်သူ လည်းမသိပါဘူး။ ကျွန်တော်တို့သိဖို့ မေးတာမဟုတ်ပါဘူး။ ပြည်သူ့အတွက်လုပ်တာပါ။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက အခွင့်အရေးဆုံးရှုံးခံနေရပါတယ်။ ကျွန်တော်တို့ရဲ့ မေးခွန်းတွေကို ပြည်သူသိခွင့်မရပါဘူး။ အခုဒီလိုမျိုး ကျွန်တော့်ဆီကို ဖြေထားတဲ့စာမျိုးကို ကျွန်တော်တို့ သိရတဲ့ အတွက် အတော်စိတ်မကောင်းဖြစ်ပါတယ်။ ကျွန်ျတော်တို့က ပြည်သူ့အတွက်ဆောင်ရွက်မှု မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်ဘဝက အလကားလို့ကျွန်တော်မှတ်ယူပါ တယ်။ ပြည်သူလူထုရဲ့ဘဝ ပြည်သူလူထုအတွက် မလုပ်ပေးနိုင်ဘူးဆိုရင် တာဝန်မကျေဘူးဖြစ်ပါ တယ်။ ဒါဆိုရင် ကျွန်တော်တို့ကလွှတ်တော်ကိုယ်စားလှယ်အဖြစ်ရပ်တည်ဖို့က အင်မတန်မှ အားနည်းသွားပါပြီ။ အဲ့ဒီအတွက် ကျွန်တော်နောက်ဆုံးမေးခွန်းကိုတင်ပြလိုပါတယ်။ ဝန်ထမ်းများအား ချထားပေးပြီးဖြစ်သည့် ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ဝန်ထမ်းများ၊ ပင်စင်စားများ၊ ဆက်ခံသူမိသားစုများ ပိုင်ဆိုင်ကြသည်‌့မြေကွက်များနှင့်စပ်လျဉ်း၍ တိကျသောကြေညာချက် တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိပါသဖြင့် အိုးအိမ်ဦးစီးဌာနရဲ့ ၇-၃-၂၀၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အသိပေးကြေညာချက် သည် ယခုတိုင်အကျိုးသက်ရောက်မှုရှိနေပါ၍ လုပ်သက်မြင်‌့နိုင်ငံံ့ဝန်ထမ်းများအား နိုင်ငံတော်မှ တရားဝင်ချမှတ်ပေးခဲ့သော ဝန်ထမ်းများကလည်း နိုင်ငံတော်မှသတ်မှတ်ထားသည်‌့ ငွေကြေးများကို မိမိတို့လစာငွေများမှ အရစ်ကျအကျေပေးသွင်းခဲ့ပြီးဖြစ်သော မြေများတွင် တရားဝင်နေထိုင်ခွင့် ရရှိစေရေးအတွက် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်ပေးခြင်းကို ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။