(ဂ)-အကျဉ်းထောင်များရှိ အထူးအကျဉ်းသားများနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

မြန်မာနိုင်ငံရှိအကျဉ်းထောင်များတွင် အကျဉ်းကျ ခံနေရသော အကျဉ်းသားများအနက် အချို့သောအကျဉ်းသားများသည် အကျဉ်းထောင်လက်စွဲစာအုပ် ပါအကျဉ်းသားများရပိုင်ခွင့်ဖြစ်သည့် လျှော့ရက်များခံစားခွင့်မရှိခြင်း၊ ထောင်ချဝရမ်းတွင်ပါရှိသည့် သတ်မှတ်ထားသောထောင်မှ ဝေးလံသောထောင်များသို့ ရွှေ့ပြောင်းခံရခြင်း၊ ထို အကျဉ်းသားများကို အထူးအကျဉ်းသားများကဲ့သို့ထားရှိသော်လည်း ၎င်းနဲ့လျော်ညီသောအခွင့်အရေးများ အပြည့်အဝမရ ရှိခြင်း၊ မိသားစုနဲ့ထောင်ဝင်စာတွေ့ဆုံရာတွင် တစ်လတစ်ကြိမ်သာတွေ့ခွင့်ပေးပြီး၊ ၁၅ မိနစ်သာ အချိန် ပေးခြင်းတို့ကို တွေ့ကြုံနေရကြောင်း ကြားသိရပါသည်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ထိုသို့ ဖြစ်ပေါ်နေခြင်းများ နဲ့ ပတ်သက်၍ ဥက္ကဋ္ဌကြီးခွင့်ပြုချက်အရ အောက်ပါမေးခွန်းနှစ်ရပ်ကို မေးမြန်းလိုပါသည်။ မေးခွန်း (၁)မြန်မာပြည်ရှိအကျဉ်းထောင်များတွင် သာမန်ထောင်ကျအကျဉ်းသားများနဲ့ ရောနှောမထားရှိဘဲ၊ အခန်းကျဉ်းတိုက်များတွင် သီးခြား၊ ခွဲခြားချုပ်နှောင်ထားသည့် အထူးအကျဉ်းသားများကဲ့သို့ ထားရှိခံ ရသူတို့အား အကျဉ်းထောင်လက်စွဲ Jail Manual အရ သာမန်ထောင်ကျအကျဉ်းသားများ ခံစားခွင့်ရှိ သောရပိုင်ခွင့်များကို ခံစားခွင့်မပြုဘဲထားရှိသည့်အကြောင်းကိုသိရှိလိုပါသည်။ မေးခွန်း (၂) ထိုသို့ ခံစားခွင့်များကို ပေးနိုင်၊ မပေးနိုင်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။