(က)-ဓာတ်မြေသြဇာများဖြန့်ဝေပေးခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းဟာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေကြပြီး အသက်မွေးဝမ်း‌ကျောင်းပြုနေကြတဲ့ တောင်သူလယ်သမားတွေပဲဖြစ်ပါတယ်။ လယ်ယာလုပ်ငန်းခွင်မှာအသုံးပြုတဲ့ သွင်းအားစုဓာတ်မြေ သြဇာဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးရဲ့ ၁၄ ရက် မြောက်နေ့ ၂၄-၃-၂၀၁၁ နေ့မှာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးဌေးဦး မှလည်း နိုင်ငံတော်အစိုးရအနေနဲ့ တောင်သူလယ်သမားများအတွက် ဓာတ်မြေသြဇာနှင့် ပတ်သက်ပြီး ၁-၇-၂၀၀၂ ခုနှစ်မှာ ဓာတ်မြေသြဇာဥပဒေ၊ ၁-၁၀-၂၀၀၂ ခုနှစ်မှာ ဓာတ်မြေသြဇာနည်းဥပဒေများကို ထုတ်ပြန်ကာ ဆောင်ရွက်လျက်ရှိကြောင်းကိုလည်းသိရှိရပါတယ်။ နိုင်ငံတော်အနေဖြင့်လည်း တောင်သူလယ်သမားများအတွက် ဓာတ်မြေသြဇာများကို စ‌လေဓာတ်မြေသြဇာစက်ရုံ၊ ကျွန်းချောင်း ဓာတ်မြေသြဇာစက်ရုံ၊ ကျော်စွာဓာတ်မြေသြဇာစက်ရုံ၊ ၂၀၁၀ ခုနှစ်မှာ မြောင်းတကာဓာတ်မြေသြဇာ စက်ရုံနဲ့ ၂၀၁၁ ခုနှစ်မှာ ပုသိမ်ဓာတ်မြေသြဇာစက်ရုံတို့ဖြင့် ထွက်ရှိသောဓာတ်မြေသြဇာများကို လယ်သမားများအား ဖြန့်ဝေပေးနေကြောင်းကိုလည်းသိရှိရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်မေးချင်တဲ့ မေးခွန်းကတော့ (က) နိုင်ငံတော်၏ဓာတ်မြေသြဇာစက်ရုံမှထုတ်လုပ်သော ဓာတ်မြေသြဇာများကို နိုင်ငံတော်အတွင်းရှိလယ်ယာလုပ်ငန်းလုပ်ကိုင်နေသူ တောင်သူလယ်သမားများအား ဖြန့်ဝေပေးနေပါ သလား။ (ခ) ဖြန့်ဝေပေးသည်ဆိုပါကတိုင်းဒေသကြီးနဲ့ ပြည်နယ်များကိုမည်ကဲ့သို့ ဖြန့်ဝေပေးပါသလဲ။ (ဂ) တိုင်းဒေသကြီးနဲ့ ပြည်နယ်များကိုဖြန့်ဖြူးပေးမယ်ဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ရဲ့ အသားတင်စိုက်ပျိုးမြေဧက ၁၃၃၃၆ ဧကကိုလုပ်ကိုင်နေကြသော တောင်သူလယ်သမားများအား မည်ကဲ့သို့ ဖြန့်ဝေပေးသည်ကို သိလိုကြောင်း မေးမြန်းပါသည်။