(က)-နိုင်ငံရပ်ခြားရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၊ အထူးသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဥပဒေနှင့်အညီ ရရှိသင့်သည့် အခွင့်အရေးများ ရရှိရေးနှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံသည် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (International Organization for Migration-IOM)၏ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာ ပြီးနောက် နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ် သတင်းစာများတွင် ဖတ်ရှုရပါသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သော ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက်လုပ်ကိုင်နေသူ ၂.၅ သန်းခန့် ရှိပြီး ၁.၂ သန်းအတွက် ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ တရားမဝင်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ သန်းခန့်သည် ယာယီနိုင်ငံကူးလက်မှတ်ရရှိရန် ကျန်ရှိနေသေးပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အဆင်မပြေမှုနှင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရပါသည်။ သို့ဖြစ်ပါ၍ ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံရပ်ခြားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အထူးသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား များ ဥပဒေနှင့်အညီရရှိသင့်သည့် အခွင့်အရေးများရရှိရေးအတွက် မည်ကဲ့သို့ဆောင်ရွက်ထားသည်၊ မည်ကဲ့သို့ အစီအမံများရှိသည်ကို သိရှိလိုပါသဖြင့် ဖြေကြားပေးနိုင်ပါရန် မေးမြန်းပါသည်။