(ခ)-မြန်မာနိုင်ငံတစ်ဝန်းရှိ စားကျက်မြေများနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ဦးအောင်စိန်သာ(မင်းပြားမဲဆန္ဒနယ်)

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ တိရစ္ဆာန်စားကျက်မြေများဟာ ဟိုးအရင့်အရင်လက်ထက်ကတည်းက တရားဝင်သတ်မှတ်ထားရှိပါတယ်။ အင်္ဂလိပ်အစိုးရများလက်ထက်ကလည်း ဒီလိုပဲသတ်မှတ်ထားရှိ ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက်လည်း ကျွန်တော်တို့နိုင်ငံတော်အစိုးရများဟာ ဒီ တိရစ္ဆာန် စားကျက်မြေများကို သတ်မှတ်ထားရှိခဲ့ပါတယ်။ ဒီလို စားကျက်မြေ ဘာကြောင့်ထားရလဲဆိုလို့ရှိရင် ခိုင်းနွား၊ ခိုင်းကျွဲတွေကို အစာရေစာပေးဖို့အတွက်၊ သူတို့ကို ကျန်းမာရေးအတွက်၊ လမ်းလျှောက်ဖို့ အတွက်၊ သူတို့ကိုသွားလာလှုပ်ရှားဖို့အတွက် ဒီစားကျက်မြေများကို ထားရပါတယ်။ ဒါပေမယ့် ဒီစားကျက်မြေများကို နောက်ပိုင်းမှာ ကျွန်တော်တို့တွေ့ရတာက အာဏာပိုင်လို့ပဲဆိုပါမယ်။ အာဏာပိုင်တချို့ဟာ ဒါတွေကို  သီးစားတွေချထားပါတယ်။ ပုဇွန်မွေးမြူရေးစတာတွေ ချထားပါတယ်။ အဲလိုလုပ်တဲ့အတွက် စားကျက်မြေများဟာ တဖြည်းဖြည်းနဲ့လျော့နည်းလာပါတယ်။ နောက်တစ်ခါ တောစပ်ပြီးတော့ မြစ်ချောင်း၊ ကမ်းနားစပ်မှာရှိတဲ့ တောတွေထဲမှာလည်း ကျွဲ၊ နွားတွေကဝင်လို့ အစာတွေရှာစားပါတယ်။ တကယ်ကတော့ ဒီနေရာဟာ စားကျက်မြေမဟုတ်ဘူး။ မဟုတ်ပေမဲ့ ဒီနေရာကိုပဲစားစရာရှိတဲ့အတွက် ဒီနေရာမှာ ကျွဲတွေ၊ နွားတွေဝင်စားပါတယ်။ အဲဒါကိုလည်း နောက်ပိုင်းမှာ ပုဇွန်မွေးမြူတာတွေချလိုက်ပါတယ်။ ခွင့်ပြုလိုက်ပါတယ်။ အဲဒါကြောင့် အဲဒီတောစပ်၊ မြစ်ကမ်းနားစပ်တွေဟာလည်း အားလုံးပြုန်းသွားပါတယ်။ အဲဒီတော့ ကျွဲ၊ နွားတွေအတွက် ဘာမှအားကိုးစရာမရှိတော့ပါဘူး။ အဲဒါကြောင့် လယ်ယာပြီးတဲ့အချိန်မှာ တချို့လယ်သမားတွေဟာ ဟိုးဝေးလံတဲ့ဒေသ၊ တောတောင်ထူထပ်တဲ့ နေရာဒေသတွေမှာသွားပြီးတော့ ကျွဲ၊ နွားတွေကို ကျောင်းရပါတယ်။ ပိုက်ဆံလည်းအများကြီးကုန်ပါတယ်။ အဲဒါအတွက်ကြောင့် ကျွဲ၊ နွားတွေစားဖို့ အတွက် ဟိုးအရင့်အရင်ကတည်းကရှိလာတဲ့ တရားဝင်သတ်မှတ်ခွင့်ပြုထားတဲ့ ဒီမြေတွေဟာ အင်မတန်အရေးကြီးပါတယ်။ ကျွဲ၊ နွားစားကျက်မြေတွေဟာ ကျေးလက်များတွင် ရွာဘုံမြေ၊ ကျွဲ၊ နွားစားကျက်မြေ၊ ကျွဲ၊ နွားသွားလာရန် လမ်းသတ်မှတ်ထားပါတယ်။ စားကျက်မြေများဟာ ကျွဲ၊ နွားများသွားလာရေးအတွက်လည်းကောင်း၊ အစားအစာအတွက်လည်းကောင်း၊ လွှတ်ကျောင်းရန် အတွက်လည်းကောင်း၊  အညောင်းပြေရန်အတွက်လည်းကောင်း အင်မတန်အရေးကြီးပါတယ်။ စားကျက်မရှိလျှင် ကျွဲ၊ နွားများဟာ စိုက်ပျိုးတဲ့လယ်ယာဥယျာဉ်များကို အတင်းဝင်ပြီးတော့ အစာရှာဖွေစားနိုင်ပါတယ်။ အဲဒီတော့ စိုက်ပျိုးထားတဲ့ဥယျာဉ်တွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် လယ်သမား၊ ယာသမားတွေအချင်းချင်း ပဋိပက္ခတွေဖြစ်နိုင်ပါတယ်။ ကျေးရွာတစ်ရွာနှင့် တစ်ရွာလည်း တုတ်တပြက်၊ ဓားတပြက်ခိုက်ရန်ဖြစ်နိုင်ကြပါတယ်။ တကယ်လည်းဖြစ်ခဲ့ကြပါတယ်။ အဲဒါကြောင့် ဒီလိုဖြစ်တာဟာ ရပ်ရွာအေးချမ်းသာယာရေးကိုထိခိုက်ပျက်စီးစေခဲ့ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ဟိုးအရင် အစိုးရများလက်ထက်ကဆိုလို့ရှိရင် ၁၉၆၄ ခုနှစ်၊ မတ်လ ၁၁ ရက် နေ့စွဲနဲ့ ဗဟိုမြေယာကော်မတီညွှန်ကြားစာအမှတ်၊ ၅ ဟပ ၉ ထ ၆၄/၂၀၄ အရ သူတို့ သတ်မှတ်ထားတာရှိပါတယ်။ ကျွဲ၊ နွားစားကျက်မှန်က မည်သည့်ကျူးကျော်ဝင်ရောက်စိုက်ပျိုး လုပ်ကိုင်မှုကိုမှခွင့်မပြုနိုင်ကြောင်း အဲဒီလိုကြေညာခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ၁၉၇၃ ပြည်သူ့ကောင်စီခေတ်ရောက်တဲ့အခါမှာ စားကျက်မြေများကို ကျူးကျော်တဲ့လုပ်ငန်းတွေပေါ်လာ ပါတယ်။ အဲဒါကတော့ ၁၉၇၇ ခုနှစ်၊ ပြည်သူ့ကောင်စီခေတ်မှာ ကျွန်တော်တို့ ပြဋ္ဌာန်းခဲ့တဲ့ ဒီလွှတ်တော်ဥပဒေအမှတ် ၁၃/၇၇ ပုဒ်မ ၆၆(က)အရ အဲဒီမှာလုပ်ပိုင်ခွင့်ကို မြို့နယ်ပြည်သူ့ကောင်စီက ကောင်စီအဆင့်ဆင့်ကိုအပ်လိုက်တဲ့အခါမှာ အဲဒီလိုစားကျက်မြေများဟာ ကျွန်တော်စောစောက တင်ပြခဲ့သလို လယ်ယာထုတ်ကုန်ပိုမိုစေရန်ဆိုတဲ့အကြောင်းပြချက်နဲ့ စားကျက်မြေများကိုသီးစား ချထားပါတယ်။ ပုဇွန်မွေးမြူရေးကန်တွေချထားပါတယ်။ အဲဒီလိုလုပ်လာတော့ ကျွန်တော်တို့ ကျွဲနွားတွေအတွက်စားစရာ စားကျက်မြေဟာ လုံးဝပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီလိုကြောင့် ကျွန်တော်ကနေပြီးတော့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနကို ကျွန်တော်မေးချင်ပါတယ်။ မေးခွန်းသုံး၊ လေးခုလောက်ခွင့်ပြုပါ။ မြန်မာနိုင်ငံတစ်ဝန်း၌လက်ရှိ ကျွဲ၊ နွားတိရစ္ဆာန်စားကျက်မြေဧက မည်မျှ ရှိပါသနည်း။ ၁၉၆၂ ခုနှစ် မတိုင်မီက ကျွဲ၊ နွားတိရစ္ဆာန်စားကျက်မြေဧကမည်မျှရှိပါသနည်း။ ၁၉၆၂ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ်တွင် တိရစ္ဆာန်စားကျက်မြေဧကမည်မျှရှိ၍ ယင်းအနက် သီးစား ချထားခြင်းနှင့် သား၊ ငါး၊ ပုဇွန်မွေးမြူကန်တာများအဖြစ် ဧကပေါင်းမည်မျှခွင့်ပြုခဲ့ပါသနည်း။ ၂၀၁၀-၂၀၁၁ နှစ်အတွင်း မင်းပြားမြို့နယ်တွင် စားကျက်မြေနှင့် ကန့်သတ်မြေဧကပေါင်း မည်မျှရှိ၍  ယင်းအနက် သီးစားချထားမြေဧကနှင့် ပုဇွန်မွေးမြူရေးတမံအဖြစ်ခွင့်ပြုမြေဧကမည်မျှရှိပါသနည်း။ နံပါတ်ငါးအနေနဲ့က ယင်းသို့တိရစ္ဆာန် ကျွဲ၊ နွား စားကျက်မြေများတွင် သီးစားချခွင့်ပြုပေးခဲ့သော မြေများအနက် ငါး၊ ပုဇွန်မွေးမြူ‌ရေးခွင့်ပြုခဲ့သောမြေများကို တောင်သူလယ်သမားများ ဆင်းရဲ နွမ်းပါးမှုလျော့ချရေးအတွက်လည်းကောင်း၊ တိရစ္ဆာန်ကျွဲ၊ နွားများဘဝအသက်ရှင်ရပ်တည်နိုင်ရေး အတွက်လည်းကောင်း‌ ဆောလျင်စွာရုပ်သိမ်းပေးနိုင်ပါသလား။ ထိုသို့ မရုပ်သိမ်းပေးနိုင်ပါက အဘယ်ကြောင့်ပါနည်းကို သိလိုပါကြောင်း မေးမြန်းပါသည်။