(ခ)-သမဝါယမဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် အကြောင်းအရာ(၅)ခု နှင့် စပ်လျဉ်းသည့်မေးခွန်း
သမဝါယမဝန်ကြီးဌာနနဲ့ ပတ်သက်ပြီးတော့ အကြောင်းအရာငါးခုကို မေးမြန်းဆောင်ရွက်သွားခွင့်ပြုပါရန် ဥက္ကဋ္ဌကြီးအား တင်ပြပြီးတော့ ကျွန်တော့်ရဲ့ မေးခွန်းများကိုလည်း စာဖတ်ခွင့်ပြုပါရန် ခွင့်ပန်အပ်ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၀၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က စတင်ပြီးတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်မှာ တောင်သူလယ် သမားများ ငွေစုငွေချေးသမဝါယမအသင်း ဖွဲ့စည်းဆောင်ရွက်တာကနေ နှစ်ပေါင်း ၁၀၇ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။ သမဝါယမအသင်းရဲ့လုပ်ငန်းတွေဟာ ဆန္ဒသဘောထားတူညီကြတဲ့ အသင်းသားများက အသင်းအဖြစ်ဖွဲ့စည်းပြီးတော့ ၎င်းတို့ရဲ့ ကိုယ်ပိုင်ရင်းနှီးငွေနဲ့ သတ်မှတ်တဲ့အစုငွေများ ထည့်ဝင်ပြီး တော့ အသင်းရဲ့အကျိုး၊ အသင်းသားများရဲ့အကျိုးရရှိအောင် အသင်းသားများရဲ့ သဘောတူညီချက် ဖြင့် ရွေးချယ်ခဲ့တဲ့ အမှုဆောင် ဒါရိုက်တာများက တာဝန်ယူကြတာဖြစ်ပါတယ်။ လူမှုစီးပွားရေးကို လုပ်ရတဲ့အတွက် လွတ်လပ်တဲ့အဖွဲ့အစည်းတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ယနေ့ မြန်မာနိုင်ငံမှာ သမဝါယမအသင်းအဆင့်ဆင့် ဘယ်လိုသတ်မှတ်ထားပါသလဲ။ ဖွဲ့စည်းပြီး သမဝါယမအသင်းပေါင်း ဘယ်လောက်ရှိပါသလဲ။ အသင်းအလိုက် လုပ်ငန်းအမျိုးအစားအလိုက် ဘယ်လိုလုပ်ကိုင်နေကြ ပါသလဲ။ တစ်နိုင်ငံလုံးအသင်းသားပေါင်း ဘယ်လောက်ရှိပါသလဲ။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို မည်သို့မည်ပုံ အထောက်အကူပြုနေပါသလဲဆိုတာ အကြောင်းအရာ (၁) အဖြစ် မေးမြန်းအပ်ပါတယ်။ အကြောင်းအရာ(၂)အဖြစ် မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်မှာ သမဝါယမလုပ်ငန်းများ ပြန်ကြည့်ရင် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့သလို ဆုံးရှုံးမှုများလည်း ရှိခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က သမဝါယမလုပ်ငန်းကို ဒုတိယမဏ္ဍိုင်ထားရှိပြီး ၁၉၇၀ ခုနှစ် သမဝါယမဥပဒေနှင့် ဖွဲ့စည်းလုပ်ကိုင်ခဲ့တဲ့အခါမှာ အထင်ပေါ်ဆုံးကာလတစ်ခုဖြစ်ခဲ့ ပါတယ်။ သို့သော်လည်း သမဝါယမရဲ့လုပ်ငန်းများဟာ အသင်းမှာပါဝင်တဲ့အသင်းသားများရဲ့ ဆန္ဒသဘောထားနဲ့ လွတ်လပ်စွာရပ်တည်ပြီးတော့ လူမှုစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ရမှာ ဖြစ်သော်လည်း ၎င်းကာလအစိုးရရဲ့ စွက်ဖက်မှုများစွာရှိတဲ့အတွက် လုပ်ငန်းများ ကျဆင်းခဲ့ရပါတယ်။ အပြည်ပြည်ဆိုင်ရာသမဝါယမအသင်းတွေရဲ့လုပ်ငန်းကို လေ့လာမယ်ဆိုရင်လည်း အစိုးရများက ဝင်ရောက်စွက်ဖက်မှုလုံးဝကင်းတဲ့အခါမှာ သမဝါယမအသင်းများရဲ့ လိုအပ်တဲ့ငွေကြေးနည်းပညာ အချက်အလက်မှန်သမျှကို ပံ့ပိုးပေးနေတာဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်အရေးအခင်းမှာ တစ်နိုင်ငံလုံး သမဝါယမအသင်းပိုင်ပစ္စည်းများ၊ ငွေကြေးများမြောက်မြားစွာ ဆုံးရှုံးခဲ့သော်လည်း နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးကာလမှာ တင်ရှိခဲ့တဲ့ အစိုးရဘဏ်ချေးငွေ ၅ ဘီလီယံကျော်ကိုလည်း သမဝါယမအသင်းများက ပြန်လည်ပေးဆပ်ပြီးပြီဖြစ်တဲ့အတွက် ယနေ့ကာလမှာ အစိုးရနဲ့ ကြွေးမြီ ကင်းတဲ့ အဖွဲ့အစည်းများလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လုပ်ငန်းရပ်ဆိုင်းနေတဲ့ သမဝါယမ အသင်းတွေကို ရှင်သန်ဖွံ့ဖြိုးအောင် ဘယ်လိုဆောင်ရွက်ပေးရမလဲ။ ဖွံ့ဖြိုးတိုးတက်နေတဲ့ သမဝါယမ အသင်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ငွေကြေးနည်းပညာပံ့ပိုးမှုများ မည်သို့ပေးနေပါသလဲ။ ခေတ်အဆက်ဆက်က သမဝါယမအသင်းသားများ ပိုင်ဆိုင်ခဲ့တဲ့ ငွေပစ္စည်းများကို လက်ခံပြီးတော့ အသင်းသားအသင်းဝင်များရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်မှုမရှိဘဲ ကိုယ်ကျိုးအတွက်သာ ကြည့်ပြီးတော့ လုပ်ကိုင်နေကြတဲ့ အမှုဆောင်ဒါရိုက်တာတွေကိုလည်း ဘယ်လိုပြုပြင်ပြောင်းလဲဖို့ အစီအမံများ လုပ်ထားပါသလဲ။ အကြောင်းအရာ(၃)အရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အစိုးရအဖွဲ့ကာလမှာ ၁၉၉၂ ခုနှစ် သမဝါယမဥပဒေကို ပြဋ္ဌာန်းပြီးတော့ အကောင်အထည်ဖော်ခဲ့ပါ တယ်။ ဥပဒေဟာ အလွန်လွတ်လပ်ပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်များကို အများကြီး ပေးထားတာဖြစ်ပါတယ်။ သို့သော် ၁၉၉၈ ခုနှစ်က သမဝါယမဝန်ကြီးဌာနက ဆက်လက်ထုတ်ပြန်ခဲ့တဲ့ သမဝါယမအသင်းနည်းဥပဒေဟာ ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေမှာ မပါဝင်တဲ့ အချက်အလက်များကို ဥပဒေကို ကျော်လွန်ပြီး ထုတ်ပြန်ထားတဲ့အတွက် လုပ်ငန်းများကို လုပ်ကိုင် တဲ့နေရာမှာ လုပ်ငန်းလုပ်ရတာထက် သမဝါယမဝန်ကြီးဌာနအဆင့်ဆင့်နဲ့ အသင်းအချင်းချင်းစာရင်း ရှင်းလင်းနေရတဲ့ကိစ္စကများခဲ့ပါတယ်။ သမဝါယမဦးစီးဌာနအဆင့်ဆင့်ရဲ့တာဝန်ကိုလည်း လေ့လာ ကြည့်ရာမှာ (Organization)အသင်းများကို ဖွဲ့စည်းပေးခြင်း၊ (Education) ပညာပေးခြင်း၊ (Regulation) ထိန်းကျောင်းတည့်မတ်ခြင်းဟာ တွေ့ရှိရပါတယ်။ သို့သော်လည်း (Regulation)ကို ကြီးကြပ်ကွပ်ကဲလို့ အဓိပ္ပာယ်ကောက်ယူပြီး ကြီးကြပ်မှုနဲ့ စွက်ဖက်မှုများ ရောထွေးလာတဲ့အတွက် သမဝါယမအသင်းများရဲ့လုပ်ငန်းများ လုပ်ကိုင်ချိန်မဟုတ်တဲ့ အတည်ပြုချက်မယူရဘဲ ဘာမှလုပ် မရတဲ့အနေအထားရှိပါတယ်။ ဒါကြောင့်မို့လို့ ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေပါ အချက်အလက် များကို ကျော်လွန်ပြဋ္ဌာန်းထားတဲ့ ၁၉၉၈ ခုနှစ် သမဝါယမအသင်းနည်းဥပဒေများကို ပြင်ဆင်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းလိုပါတယ်။ ဆက်စပ်မှု(၄)အရ သမဝါယမအသင်းများဟာ အသင်းသား များရဲ့ကိုယ်ပိုင် ငွေကြေးနဲ့ဖွဲ့စည်းပြီး အသင်းရဲ့လုပ်ငန်းကို လွတ်လွတ်လပ်လပ်လုပ်ကိုင်ရတာ ဖြစ်ပါတယ်။ သမဝါယမဦးစီးဌာနက ထုတ်ပြန်ထားတဲ့ သမဝါယမအသင်းများကို စာရင်းရှင်းလင်း ရာမှာ စာရင်းရှင်းတာဝန်ခံက လိုက်နာဆောင်ရွက်ရန် လုပ်ထုံးလုပ်နည်းပါအတိုင်း ဆောင်ရွက်လျက် ရှိပါတယ်။ ဒီစာရင်းများကို စာရင်းရှင်းလင်းဖျက်သိမ်းတဲ့အခါမှာ ပိုလျှံလာတဲ့ အသားတင်ပိုလျှံငွေကို နိုင်ငံတော်ကို တစ်လုံးတစ်စည်းသော ရန်ပုံငွေထဲကို ပေးသွင်းရတဲ့ လုပ်ထုံးလုပ်နည်းဟာ ယနေ့အထိမပျက်သေး တာဖြစ်ပါတယ်။ သမဝါယမအသင်းများဟာ စိတ်တူကိုယ်တူဆန္ဒတူစုပေါင်းပြီး တော့ ကိုယ်ပိုင်ငွေကြေးနဲ့စုပေါင်းလျက် လုပ်အားများစုပေါင်းလျက် အသင်းသားများရဲ့ လူမှုစီးပွားရေး လုပ်ငန်းကိုလုပ်ကိုင်ရင်း နိုင်ငံတော်ကသတ်မှတ်ထားတဲ့ အခွန်အခများလည်းပေးဆောင်နေတဲ့ အသင်းများလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အသင်းသားပိုင်ငွေကြေးများကို အသင်းစာရင်း ရှင်းလင်းဖျက်သိမ်းတဲ့အခါမှာ ယခုကျင့်သုံးနေတဲ့ စာရင်းရှင်းလင်းဖျက်သိမ်းရေးလုပ်ထုံးလုပ်နည်းကို ပြင်ဆင်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းလိုပါတယ်။ ဆက်စပ်မှု(၅)အရ သမဝါယမဝန်ကြီးဌာနရဲ့ လက်အောက်မှာ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနနဲ့ သမဝါယမပို့ကုန် သွင်းကုန်လုပ်ငန်းစတဲ့ ဌာနနှစ်ခုနဲ့ လုပ်ငန်းတစ်ခုဖွဲ့စည်းထားတာကို လေ့လာတွေ့ရှိရပါတယ်။ ပြည်ပ နိုင်ငံမှာဖြစ်တဲ့ ဂျပန်နိုင်ငံ၊ ကိုရီးယား၊ ထိုင်း၊ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီနိုင်ငံမှာရှိတဲ့ သမဝါယမ အသင်းများဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လွတ်လပ်ခွင့်များရရှိပြီးတော့ အစိုးရကမစွက်ဖက်ဘဲ လုပ်ငန်း များ အောင်မြင်နေတဲ့အနေအထားမှာ ရှိပါတယ်။ ဒါကြောင့်မို့လို့ သမဝါယမဝန်ကြီးဌာန လက်အောက် မှာရှိသော အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနနဲ့ သမဝါယမပို့ကုန်သွင်းကုန်လုပ်ငန်းတို့ဟာ သမဝါယမလုပ်ငန်းများအတွက် ဖွံ့ဖြိုးတိုးတက်ရန် ဘယ်လိုဆောင်ရွက်ပါနေသလဲလို့ မေးမြန်းပါသည်။