(ဂ)-ကဝမြို့နယ်ရှိ တူးမြောင်းကြီးများနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ဦးဝင်းစိန်(ကဝမဲဆန္ဒနယ်)

ကဝမြို့နယ်ဟာ ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ် ၂၈ မြို့နယ် အနက်တစ်မြို့နယ်ဖြစ်ပါတယ်။ ကဝမြို့နယ်ဟာ မြောက်ဘက်မှာသနပ်ပင်နဲ့ ပဲခူးမြို့နယ်၊ အရှေ့ ဘက်တွင် စစ်တောင်းမြစ်ဝနဲ့ ကျိုက်ထိုမြို့နယ်၊ တောင်ဘက်တွင် ခရမ်းမြို့နယ်၊ အနောက်ဘက်တွင် ပဲခူးမြစ်နဲ့ ပဲခူးမြို့နယ်တို့တည်ရှိပါတယ်။ ပဲခူးတိုင်းဒေသကြီးတွင် စပါးစိုက်ဧက သိန်း ၃၀ ခန့်ရှိရာ ကဝမြို့နယ်တွင် ဧကနှစ်သိန်းကျော်စိုက်ပျိုးပါတယ်။ စပါးစိုက်ပျိုးနိုင်သောလယ်များမှာ ပဲခူးမြစ်နဲ့ စစ်တောင်းမြစ်ဝတို့ကြားတည်ရှိပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ကဲ့သို့ မြေနိမ့်လွင်ပြင်များဖြစ်ပြီး၊ နှစ်စဉ် မိုးတွင်းကာလ ဝါဆို၊ ဝါခေါင်လများတွင်ရေလွှမ်းပြီး စပါးစိုက်လယ်မြေများ ရေမြုပ်ပျက်စီးလေ့ ရှိပါတယ်။ လက်ရှိတည်ရှိနေသည့် ရေနုတ်မြောင်းကြီးများသည် ၎င်းကာလတွင် ရေနုတ်နိုင်ခြင်း မရှိသဖြင့် ဤကဲ့သို့စပါးစိုက်လယ်မြေများရေမြုပ်ရခြင်းဖြစ်ပါတယ်။

အထူးသဖြင့် အုန်းနှဲ၊ ပိုင်ကျုံ၊ ကျားတက်၊ ဇွဲကိုက်၊ မိုးကနဲ၊ ဘလောက်၊ နတ်မောက်၊ ဝဲပတံ၊ ကံမြင့်၊ သပြေကန်နဲ့ အေးမွန်စတဲ့ ကျေးရွာဒေသများမှာဖြစ်ပါတယ်။ ၎င်းအပြင် ကဝမြို့နယ်မှာ တူးမြောင်းကြီး လေးခုရှိပါတယ်။ ကဝမြို့နယ်ရဲ့ အရှေ့ခြမ်းမှာ ဝဲပတံတူးမြောင်းနဲ့ သံဒင်းတူးမြောင်း၊ အနောက်ဘက်ခြမ်းမှာဆိုလို့ရှိရင် ပိုင်ကျုံတူးမြောင်းနဲ့ ရွှေလှေတူးမြောင်းတို့ တည်ရှိပါတယ်။ ၎င်းတူးမြောင်းများဟာ နှစ်ပေါင်းကြာလာပြီဖြစ်သည့်အတွက် ကမ်းပြိုခြင်း၊ သဲနုန်းဖို့ခြင်းတို့ကြောင့် ရေဆွဲအားနည်းသွားပါတယ်။ နည်းသွားတဲ့အတွက်ကြောင့်  ၎င်းတူးမြောင်းလေးခုကို တိုင်းဒေသကြီး အဆင့်နဲ့ဆက်လုပ်ဖို့အခက်အခဲရှိပါသဖြင့် နိုင်ငံတော်အဆင့်နဲ့ ဆောင်ရွက်ပေးမှသာရမည်ဖြစ်ပါ တယ်။ သို့ပါ၍ ၎င်းတူးမြောင်းကြီးများကို ပြန်လည်တူးပေးရန် အစီအစဉ် ရှိ၊ မရှိ။ ရှိပါက မည်သည့်နှစ်တွင်ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။