(ဂ)-လားရှိုးမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြတ်လေးလမ်း၊ အကွက်အမှတ်(၃၅)၊ ဦးပိုင်အမှတ်(၅၇)၊ မြေဧရိယာ (ဝ.၁၆၁)ဧကရှိ မြေကွက်မြေဂရမ် ပြင်ဆင်မှုအား ယနေ့ ထက်တိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးချုပ်မှ ဆောင်ရွက် မပေးသေးခြင်းကိစ္စ နှင့် စပ်လျဉ်းသည့်မေးခွန်း
ကျွန်တော့်မေးခွန်းဟာ ပုဂ္ဂလိကတစ်ဦးတစ်ယောက်ချင်းကိစ္စဖြစ်တဲ့အတွက် ကြယ်ပွင့်မပြမေးခွန်း အဖြစ်သာ မေးသင့်တဲ့မေးခွန်းဖြစ်ပါတယ်။ ဒါပေမယ့် နစ်နာတဲ့ ကာယကံရှင်များက အစိုးရသစ် လက်ထက် နိုင်ငံတော်သမ္မတကြီးရဲ့သဘောထားများ၊ မူဝါဒဆိုင်ရာမိန့်ခွန်းများကို ကြားရပြီးတဲ့ နောက်မှာ မျှော်လင့်ကြီးစွာနဲ့ ၎င်းတို့ရဲ့နစ်နာမှုများကို သမ္မတထံစာရေး တိုင်ကြားခဲ့ပေမယ့် အကြောင်း တစ်စုံတစ်ရာ ပြန်ကြားမှုမရရှိခဲ့ပါ။ ဒါကြောင့် နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့သစ်ရဲ့ ပွင့်လင်းမြင်သာ ရှိမှုနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် ပတ်သက်ပြီး ပြည်သူများက သံသယဖြစ်နေပါတယ်။ ဒီလိုသံသယများပိုမိုတိုးပွားမလာစေရန် ရည်ရွယ်ပြီး ယခုကိစ္စကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မည်သို့ဆောင်ရွက်ထားရှိပုံကို ပြည်သူများ သိရှိနိုင်ကြစေရန်အတွက် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းရခြင်းဖြစ်ပါတယ်။ မေးခွန်းကတော့ လားရှိုးမြို့ အမှတ်(၂)ရပ်ကွက် မြတ်လေးလမ်း အကွက်အမှတ်(၃၅) ဦးပိုင်အမှတ် (၅၇) မြေဧရိယာ ဝ.၁၆၁ ဧက ရှိမြေကွက်မှာ ဒေါ်ကြူကြူမော်၏ဖခင်ဖြစ်သူ ဦးပေါအေး(ခ) ဦးရင်ကြီး အမည်ပေါက်ပိုင်ဆိုင်ခဲ့ပြီး နှစ်စဉ်ကျသင့်သော မြေခွန်များကို မှန်မှန်ပေးဆောင်ခဲ့ရာ ၁၉၈၈ ခုနှစ်အထိဖြစ်ကြောင်း မြို့မြေခွန် ပေးဆောင်ထားသည့် ပြေစာများအရ သိရှိရပါတယ်။ ၁၉၈၈ အရေးအခင်းဖြစ်ပြီး မတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ ဦးစံမြတ်ဆိုသူက နာမည်ပေါက်ပိုင်ဆိုင်သူ ဦးပေါအေး(ခ) ဦးရင်ကြီးရဲ့ သဘောတူညီမှုတစ်စုံတစ်ရာမရရှိဘဲ မသမာသောနည်းလမ်းများကိုသုံး၍ မြေငှားဂရန်တွင် ၎င်း၏ အမည်ကို ထပ်မံဖြည့်စွက်ကာ ဦးပိုင်ခွဲစိတ်ဂရန်ရယူခဲ့ပြီး ဦးချန်စိန်ဆိုသူထံသို့ ၎င်းပိုင်ဆိုင်သည့် မြေကွက်အနေဖြင့် ထပ်မံခွဲစိတ်ရောင်းချခဲ့သည်ဟုသိရပါသည်။ ကာယကံရှင်များက နစ်နာမှုများစွာ ရှိသဖြင့် မြေငှားဂရန်ပြင်ဆင်သတ်မှတ်ချက်ချထားပေးပါရန် မြို့နယ်၊ ခရိုင်၊ ပြည်နယ်ရုံးအဆင့်ဆင့်ကို တင်ပြလျှောက်ထားခဲ့ရာ နောက်ဆုံးတွင် ၂၀၀၃ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ ရက်စွဲပါစာအမှတ် ၄၁၆/ ဦး-၁ ပူးတွဲပါစာအမှတ် ၂ ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း တွဲဖက်ပြည်နယ် အုပ်ချုပ်ရေးမှူးဦးစိန်အုပ် က မူလပိုင်ရှင်ဖြစ်သော ဦးပေါအေး၏ပိုင်ဆိုင်မှုကို ထည့်သွင်းစဉ်းစားသင့်ပြီး ဦးစံမြတ်နှင့် ဦးချမ်းစိန် တို့၏ ဂရန်အမှုတွဲများကို ပယ်ဖျက်ပေးသင့်ကြောင်းထောက်ခံလျက် သုံးသပ်ချက်များနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ရှိ ညွှန်ကြားရေးမှူးချုပ်ထံသို့ အစီရင်ခံစာတင်ပြခဲ့ကြောင်း တွေ့ရှိရသော်လည်း ထိုကိစ္စကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံမှ ဆက်လက်ဆောင်ရွက်ခဲ့ခြင်းမရှိသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တရားမျှတစွာ ဆက်လက်ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြမေးမြန်းပါသည်။