(စ)-ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-22

ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ၂၀၁၂ခုနှစ် ဒီဇင်ဘာလအတွင်း ရွေးချယ်ခန့်ထားရာ၌ ပြည်ထောင်စုလွှတ်တော်ျဥပဒေအမှတ်(၁) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေနှင့် ပြည်ထဲရေးဝန်ကြီးဌာနအမိန့်ကြော်ငြာစာအမှတ် (၃၈၆/၂၀၁၂)ဖြင့် ထုတ်ပြန်ခဲ့သော နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန် ၃၀-၁၁-၂၀၁၂ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ရွေးချယ်ခဲ့ပါတယ်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေပုဒ်မ ၃၆ ပုဒ်မခွဲ(ခ) တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာနသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၃၆ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော အာဏာအရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် (၁) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်တာဝန်ပေးအပ်ရာ၌ ပါတီနိုင်ငံရေး ကင်းရှင်း ရမည်ဟုလည်းကောင်း၊ အသက်၄၅နှစ် အထက် ဖြစ်ရမည်ဟုလည်းကောင်း အမိန့်ကြော်ငြာစာ၊ အမိန်၊့ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ထား ပါသလား။ (၂) ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ရာ၌ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေ ပုဒ်မ၂ ပုဒ်မခွဲ (ဃ)၊ နည်းဥပဒေပုဒ်မ ၆၊ နည်းဥပဒေပုဒ်မ၈တို့နဲ့အညီ ဆောင်ရွက်ခြင်းများ မရှိခဲ့သည်ကိုသိရှိပါသလား။ သိရှိလျှင်မည်ကဲ့သို့အရေးယူ ဆောင်ရွက်ပါမည်နည်း။ (၃) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် ဆယ်အိမ်စုကိုယ်စားလှယ် ရွေးချယ်ရာ ၌ အစိုးရဝန်ထမ်းများအား ဆန္ဒမဲပေးပိုင်ခွင့်မရှိဟုလည်းကောင်း၊ အစိုးရဝန်ထမ်းများ၏ အိမ်ထောင်စုဝင် အစိုးရဝန်ထမ်း မဟုတ်သူများအား ဆယ်အိမ်စုကိုယ်စားလှယ်အဖြစ် ရွေးချယ်တာဝန်ပေးအပ်ပိုင်ခွင့် မရှိဟု လည်းကောင်း အမိန့်‌ေြက်ာငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန် ထားပါသလား။ ထုတ်ပြန်ထားမှုမရှိဘဲ ဆောင်ရွက်ခဲ့လျှင် မည်ကဲ့သို့အရေးယူ ဆောင်ရွက်ပါမည်နည်း။ (၄) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ရန်အတွက် လည်းကောင်း၊ ဆယ်အိမ်စုကိုယ်စားလှယ်ရွေးချယ်ရာ၌ လည်းကောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုစာရေးဝန်ထမ်းများ ဝင်ရောက်ခြယ်လှယ်ခွင့်ရှိပါသလား။ ရှိလျှင်မည်ကဲ့သို့ အရေးယူဆောင်ရွက်ပါမည်နည်း။ (၅) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေပုဒ်မ ၃၆ ပုဒ်မခွဲ(ခ) အရ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောအမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် နှင့်လုပ်ထုံးလုပ်နည်းများရှိ၊ မရှိ။ ရှိလျှင်အသေးစိတ် သိရှိလိုပါ၍ ဖြေကြားပေးနိုင်ပါရန်နှင့်  ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ရွေးချယ်ရာ၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်မှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းများရှိ၊ မရှိ။ ရှိလျှင် မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကိုသိရှိလိုသည့်အတွက် မေးမြန်း ပါသည်။