(ဇ)-လျှပ်စစ်မဟာဓာတ်အားလိုင်းကို ရေးမြို့နယ်သို့ပေးဝေရန်အစီအစဉ်နှင့်စပ်လျဉ်းသည့်မေးခွန်း
ဤမဟာဓာတ်အားလိုင်းဟာ သံဖြူဇရပ်မြို့နယ်အထိရောက်ရှိနေပြီဖြစ်သော်လည်း ရေးမြို့နယ်အတွင်းသို့ရောက်ရှိနိုင်ရန် အချိန်ကာလကြန့်ကြာ နေခဲ့ပါတယ်။ ကျွန်မတို့ ရေးမြို့နယ်မှာဆိုရင် လျှပ်စစ်ဓာတ်အားခများကို ဈေးနှုန်းအဆမတန်ပေးဆောင် နေရပါတယ်။ ပြင်ပလောင်စာဆီကိုအသုံးပြုနေရသည့်အတွက်ကြောင့် တစ်ယူနစ်လျှင် ၇၀၀ ကျပ်ဖြင့် ပေးဆောင်နေရလျက်ရှိပါတယ်ရှင်။ လျှပ်စစ်ဓာတ်အားခမြင့်မားမှုကြောင့် ဝန်ထမ်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ ငွေကြေးကုန်ကျမှုစရိတ်များမြင့်မားခြင်း၊ လုပ်ငန်းများတွက်ခြေ မကိုက်ခြင်းများနှင့် ရင်ဆိုင်နေရပါတယ်ရှင်။
မဟာဓာတ်အားလိုင်းမှလျှပ်စစ်ဓာတ်အားများရရှိခဲ့ပါလျှင် ကျောင်းသားလူငယ်များ၊ လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်မှုများ၊ ထုတ်လုပ်မှုများစသဖြင့် အားလုံးအဆင်ပြေ ချောမွေ့စွာ အကျိုးကျေးဇူးများခံစားရမှာဖြစ်ပါတယ်ရှင်။ နိုင်ငံတော်အတွက်လည်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စည်ပင်သာယာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများစသဖြင့် ကဏ္ဍပေါင်းစုံ အကျိုးကျေးဇူးများစွာခံစားရမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေနဲ့ မေတ္တာစေတနာထားပြီး မဟာဓာတ်အားလိုင်းမှလျှပ်စစ်ဓာတ်အားကို ရေးမြို့နယ်အတွင်းသို့ပေးဝေရန်အစီအစဉ်ရှိ၊ မရှိဆိုတဲ့ မေးခွန်းကိုမေးချင်ပါတယ်ရှင်။ (၁) သံဖြူဇရပ်မြို့နယ်အထိပေးဝေနေပြီးဖြစ်သော မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားသည် ရေးမြို့နယ်အတွင်းသို့ပေးဝေရန်အစီအစဉ်ရှိပါသလား။ (၂) ရှိပါကမည်သည့် အချိန်တွင်စတင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။