(ဈ)-မြင်းမူမြို့၊ မွေးမြူရေးနှင့် ကုသရေးဓာတ်ခွဲခန်းနှင့်စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျွဲ၊ နွားများ ခွာနာ၊ လျှာနာရောဂါရှာဖွေရေးလုပ်ငန်းစဉ်များအတွက်ဓာတ်ခွဲခန်းတစ်ခုကို မြင်းမူမြို့မှာ နိုင်ငံတော်ကဆောက်လုပ်ပေးထားပြီးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြင်းမူမြို့နယ်နဲ့ ဆက်စပ်နေတဲ့ မြို့နယ်အသီးသီးမှာရှိတဲ့တိရစ္ဆာန်များအတွက် ခွာနာ၊ လျှာနာရောဂါရှာဖွေရေးနဲ့ ကုသရေးလုပ်ငန်းစဉ်များကိုလည်းဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွဲ၊ နွားများ ခွာနာ၊ လျှာနာရောဂါဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားမှုအများဆုံးရောဂါတစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးစီမံချက်အရ စစ်ကိုင်းဒေသကြီးတောင်ပိုင်းဟာ ကျွဲ၊ နွားမွေးမြူမှု အများဆုံးဖြစ်တဲ့အတွက် ဒီဒေသမှာရှိနေတဲ့တိရစ္ဆာန်များကို ခွာနာ၊ လျှာနာ ရောဂါဖြစ်ပွားမှုထိန်းချုပ် နိုင်မှသာလျှင် အခြားသောပြည်နယ်နှင့်တိုင်းဒေသကြီးများမှာရှိတဲ့ ကျွဲ၊ နွားများကို ခွာနာ၊ လျှာနာ ရောဂါဖြစ်ပွားမှုကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းလေ့လာသိရှိရပါသည်။
နိုင်ငံတော်ကဆောက်လုပ်ပေးထားတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး၊ မြင်းမူမြို့မှာရှိတဲ့ ကျွဲ၊ နွားများ ခွာနာ၊ လျှာနာရောဂါဆိုင်ရာဓာတ်ခွဲခန်းဟာ မြေနေရာ၊ လျှပ်စစ်မီး၊ ရေစတဲ့ အခြေခံကောင်းများပြည့်စုံစွာရှိနေပြီးဖြစ်တဲ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ဆက်စပ်လျက်ရှိတဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှတိရစ္ဆာန်များအတွက်လည်း လွယ်ကူချောမွေ့စွာ အထောက်အကူပြုနိုင်တဲ့ဓာတ်ခွဲခန်းတစ်ခုဖြစ်တဲ့အတွက် ကာကွယ်ဆေးထုတ်လုပ်နိုင်သောဓာတ်ခွဲ ခန်းအဆင့်သို့အဆင့်မြှင့်တင်ပေးနိုင်ဖို့ ပြည်သူများကမျှော်လင့်နေလျက်ရှိပါတယ်။
ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးစီမံချက်အရ အဓိက အရေးကြီးသောဒေသကြီးဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ကျွဲကောင်ရေ ၂၃၁၃၇၁၆ ကောင် နှင့် နွားကောင်ရေ ၄၄၆၈၅၆ ကောင်တို့အား ကျွဲ၊ နွားများ ခွာနာ၊ လျှာနာရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးနဲ့ ကာကွယ်ဆေးများကိုအချိန်နဲ့တစ်ပြေးညီ ပြည့်မီအောင်ထုတ်လုပ်နိုင်ရေးတို့ အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့မှာရှိတဲ့ မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနရဲ့ ကျွဲ၊ နွားများ ခွာနာ၊ လျှာနာရောဂါဆိုင်ရာဓာတ်ခွဲခန်းအား ကာကွယ်ဆေးထုတ်လုပ်နိုင်သောအဆင့်ရောက်အောင် အဆင့်မြှင့်ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိပါသလား။ အဆင့်မြှင့်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိပါလျှင် မည်သည့်အချိန်တွင်စတင်မည်ဖြစ်ပြီး၊ မည်သည့်အချိန်တွင်ပြီးစီးပါမည်လဲ။ အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန်မရှိပါလျှင် မည်သည့်အတွက်ကြောင့် အဆင့်မြှင့်ဆောင်ရွက်မပေးနိုင်ပါသလဲ ဆိုသည်ကို မေးမြန်းပါသည်။