(က)-ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် ကျရောက်နေသော ဓာတ်ရောင်ခြည် သင့်မှုကို ဖြစ်စေနိုင်သည့် ခရမ်းလွန်ရောင်ခြည်များနှင့် စပ်လျဉ်းသည့်မေးခွန်း
ဒီရက်ပိုင်းမှာ သတင်းစာတို့၊ ဂျာနယ်တို့ထဲမှာ ဘာတွေ သတိထားမိလဲဆိုတော့ ခရမ်းလွန်ရောင်ခြည်ကျရောက်မှုနှုန်း မြို့ကြီးတွေပေါ်မှာ အများကြီး များနေတဲ့အကြောင်း ကျွန်တော် ဖတ်မိပါတယ်။ ပြီးခဲ့တဲ့ သောကြာ၊ စနေ၊ တနင်္ဂနွေ၊ ၁၅ ရက်၊ ၁၆ ရက်၊ ၁၇ ရက်၊ ၁၈ ရက်နေ့များမှာ ရန်ကုန်မြို့မှာကျခဲ့တဲ့နှုန်းဟာ သိပ်ကို မြင့်မားပါတယ်။ သောကြာနေ့ မှာဆိုရင် ၁၀ နာရီအချိန်က စပြီးကျလိုက်တာ ၁၂.၃၊ ၁၂.၅၊ စနေနေ့မှာဆိုရင် ၁၃ ကျော်သွားတဲ့အထိ အောင်၊ ဒီလိုပဲ တနင်္ဂနွေနေ့မှာလည်း ၁၇ ရက်နေ့မှာ ၁၃.၄ အဲ့ဒီလိုတွေ့တဲ့အခါမှာ ကျွန်တော် ဒီခရမ်းလွန်ရောင်ခြည်နှင့်ပတ်သက်လို့ လေ့လာကြည့်ပါတယ်။ ဖတ်လိုက်တဲ့အခါမှာ ခရမ်းလွန် ရောင်ခြည်က လူသားတွေရဲ့ကောင်းကျိုးကို ပေးတာရှိသလို တအားမြင့်မားတဲ့အခါမှာ ဆိုးကျိုးဖြစ်နိုင် တယ်ဆိုတော့ ဘာတွေဆိုးကျိုးဖြစ်နိုင်သလဲဆိုတော့ ခရမ်းလွန်ရောင်ခြည် အဆင့် ၈ ထက်မြင့်လာရင် အန္တရာယ်ရှိတဲ့အဆင့်ဖြစ်လာတယ်။ အဲ့ဒီမှာ ပထမဆုံးဖြစ်နိုင်တာက အရေပြားကင်ဆာ၊ မျက်စိတိမ်စွဲ ခြင်း ဒါမျိုးတွေဖြစ်တယ်ဆိုတော့ ခရမ်းလွန်ရောင်ခြည်က ကမ္ဘာကို ၁၉၇၉ နှစ်လောက်ကတည်း ကစပြီး သတိထားမိလာတာပါ။ ကမ္ဘာကြီးစက်မှုထွန်းကားလာတာနှင့်အမျှ ဓာတ်ငွေ့အားလုံးများ ပြားလာတဲ့အခါမှာ အပူရှိန်မြင့်တက်လာပြီးတော့ အိုဇုန်းလွှာက တဖြည်းဖြည်းပါးပြီးတော့ ကမ္ဘာကို ခရမ်းလွန်ရောင်ခြည်ရဲ့ ကျရောက်မှုနှုန်းက ကာကွယ်ပေးထားတဲ့ ကမ္ဘာလေထုထဲက အိုဇုန်းလွှာပေါက် သွားပြီးတဲ့အခါကျတော့ ဒီခရမ်းလွန်ရောင်ခြည်တွေကျတဲ့နှုန်းများလာတာပါ။ များလာတဲ့အခါကျတော့ ကမ္ဘာ့ကုလသမဂ္ဂကလည်း ထုတ်ပြန်ထားတာရှိပါတယ်။ အာဖရိကမှာဆိုရင် ခရမ်းလွန်ရောင်ခြည် ကြောင့်ရောဂါရတဲ့ လူပေါင်းဟာ ၁၀ သန်းကျော် ဖြစ်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေထဲမှာလည်း ဒီခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိကွယ်ရတဲ့ ၃ သန်း လောက်ဟာ လူဦးရေ ၂၀ ရာခိုင်နှုန်းက ဒီခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်ရတာလို့ တွေ့ရတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ နိုင်ငံမှာလည်း ခရမ်းလွန်ရောင်ခြည်ဟာ ၂၀၁၁ ခုနှစ်လောက်ကစပြီး တွေ့ရ ပြီးတော့ အခုတအားမြင့်လာတာဖြစ်လာတဲ့အတွက် သူရဲ့ထိခိုက်နိုင်မှုနှုန်းဟာ လူငယ်တွေမှာဆိုရင် သားသမီးမရနိုင်တဲ့ အထိဖြစ်နိုင်ပါတယ်။ နောက်အရေပြားကင်ဆာ၊ မျက်စိတိမ်စွဲတာ၊ အဲ့ဒီတော့ ကျွန်တော်တို့နိုင်ငံက အပူပိုင်းဒေသမှာကျနေတဲ့အခါကျတော့ အခုဒီလပြီးရင် ဧပြီ၊ မေဟာ တအားပူမယ့်ရာသီဥတုကြီးခံစားရမှာပါ။ အဲ့ဒီမှာ လူငယ်တွေဟာ သြင်္ကန်တွင်းမှာ ရေကစားတာတို့၊ တစ်နေကုန် လမ်းအလုပ်သမားတွေ၊ တပ်မတော်သားတွေ၊ ပြည်သူ့ရဲတွေ၊ ဒီလိုပဲ ဆောက်လုပ်ရေး အလုပ်သမားတွေ၊ တောင်သူလယ်သမားတွေ နေပူဆပ်ခါးထဲမှာ လုပ်နေရတဲ့သူတွေဟာ ဒီခရမ်း လွန်ရောင်ခြည်ရဲ့ အန္တရာယ်ကို ကျွန်တော်တို့ သတိပြုမိအောင် ပြည်သူကြားမှာ ထုတ်ပြန်ပေးဖို့လို တယ်လို့ ထင်တဲ့အတွက် ကျွန်တော် ဒီဟာကို တင်ခြင်းဖြစ်ပါတယ်။ ပြည်သူ့အကျိုးစီးပွားအတွက် ကျယ်ကျယ်ပြန့်ပြန့်လည်း ထုတ်ပြန်ပေးဖို့လိုပြီလို့ သိရပါတယ်။ နိုင်ငံမှာတော့ ဒီရောင်ခြည်ကို တိုင်းတာနိုင်တဲ့စက်မရှိသေးပါဘူး။ ဒါပေမယ့်လို့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ သြစတြေးလျမှာဆိုရင် ၂၀၀၅ ခုနှစ်ကတည်းကစပြီးတော့ ဒီဟာကို နေ့စဉ်ထုတ်ပြန်ပေးနေတာ အခု အချိန်အထိရှိနေပါတယ်။ အမေရိကားမှာဆိုရင် ၂၀၀၄ ခုနှစ်ကတည်းကစပြီးတော့ ထုတ်ပြန်ပေးတာ တွေရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံမှာလည်း ဒီခရမ်းလွန်ရောင်ခြည်ရဲ့အန္တရာယ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ဖို့ရာအတွက် နိုင်ငံတော်ကနေတာဝန်ယူပြီးတော့ ဝန်ကြီးဌာန တွေကကျတော့ ထုတ်ပြန်ပေးဖို့လိုပြီလို့ ကျွန်တော်ယူဆတဲ့အတွက် ဒီမေးခွန်းကို မေးရခြင်းဖြစ်ပါ တယ်။ အခုလိုမေးခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်မေးတဲ့မေးခွန်းကတော့ လူသားများအတွက် အန္တရာယ်ကြီးမားလှသည့် ဓာတ်ရောင်ခြည်သင့်မှုကို ဖြစ်စေနိုင်သည့် ခရမ်းလွန် ရောင်ခြည်များ (Ultra Violet Rays) ရန်ကုန်မြို့ကြီးများတွင် ကျရောက်နေခြင်းကို ပြည်ထောင်စု အစိုးရမှ သိပါသလား။ သိရှိပါလျှင် ပြည်ထောင်စုအစိုးရက မည်သည့်အစီအစဉ်ပြုလုပ်နေသည် သို့မဟုတ် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။