(က)-၂၄ နာရီလျှပ်စစ်မီးရရှိရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
ယခင်စော်ဘွား များလက်ထက်က တောင်တိမ်နီလို့ခေါ်တွင်ခဲ့တဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ကျွန်တော်တို့ မိုင်းရယ်မြို့လေးကို တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်နေသလို ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ပြည်သူ များရဲ့ဆန္ဒအရ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်လိုအပ်တဲ့ အဓိကအချက်များထဲကတစ်ခုဖြစ်တဲ့ လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို သက်ဆိုင်ရာမှ အမြန်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် မျှော်လင့် တောင့်တလျက်ရှိနေတဲ့ ပြည်သူများကိုယ်စား အောက်ပါမေးခွန်းကို မေးမြန်းအပ်ပါတယ်။ ရှမ်းပြည် နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်သို့ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား သွယ်တန်းဖြန့်ဖြူးပေးသွားမည်ဟု သိရှိရပါတယ်။ နေရာအချို့တွင်လည်း ကွန်ကရစ်ဓာတ်တိုင်များ စိုက်ထူထားပြီးဖြစ်သည်ကိုတွေ့ရှိရပါတယ်။ ဆက်တိုက်ဆောင်ရွက်မှုများမတွေ့ရဘဲ လုပ်ငန်းရပ်ဆိုင်း ထားတယ်လို့လည်းတွေ့ရှိရပါတယ်။ ယခု မိုင်းရယ်မြို့နယ်မှာ EPC မှ ဒီဇယ်စက်ဖြင့် တစ်ရက်ကို ၂ နာရီသာမီးပေးလျက်ရှိပါတယ်။ ပြည်သူများမှ ဒေသအမြန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၄ နာရီ ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးစေလိုကြပါတယ်။ ဒါကြောင့် မေးမြန်းလိုသည်မှာ ရပ်ဆိုင်းထား
သောလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိနှင့် ရှိပါက မည်သည့်ကာလတွင်အပြီးဆောင် ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မျှော်လင့်တောင့်တလျက်ရှိသော ပြည်သူများကိုယ်စားတင်ပြ မေးမြန်းပါသည်။