(ဂ)-ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများ နစ်နာမှုမရှိစေရေးအတွက် ကမ္ဘာ့ပေါက်ဈေးအတိုင်း ရရှိရန်အတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးရန် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ကော်ဖီနှစ်ရှည်စီမံကိန်း စိုက်ပျိုးရာမှာ နိုင်ငံတော်ရှိ အခြားဒေသများနှင့်နှိုင်းစာလျှင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ဟာ ရာသီဥတုအခြေအနေ၊ ‌ြမေသားအ‌ခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ အသင့် တော်ဆုံးဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ပြင်ဦးလွင်မြို့နယ်တွင် စီမံကိန်းမြေဖော်ထုတ်နေရာ    ချထားရေးအဖွဲ့မှ  ၅၉၂၄၂ ဧက ကော်ဖီစိုက်ပျိုးမြေဟု ခန့်မှန်းကြောင်းသိရှိရပါသည်။ ဒါပေမယ်လို့ နိုင်ငံတော်စီမံကိန်းသစ်များအရ ကော်ဖီစီမံကိန်းမြေ ၁၈၃၁၀ ဧကသာ ဖော်ထုတ်ကြောင်း သိရပါ တယ်။ လေးစားအပ်သော ဥက္ကဋ္ဌကြီးခင်ဗျား။ ပြင်ဦးလွင်မြို့နယ်မှာ မြေနေရာချထားရေးအဖွဲ့မှချထား ပေးခံရသော ကော်ဖီစိုက်ပျိုးသည့် တောင်သူများဟာ ကော်ဖီစိုက်ပျိုးရာမှာ ၂၀၀၂-၂၀၀၃ ခုနှစ်မှစ၍ စိုက်ပျိုးခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ကော်ဖီစိုက်ပျိုးစရိတ်မှာ တစ်ဧကလျှင် ၃၅၀၀၀၀ မှ ၅၀၀၀၀၀ အထိ ကုန်ကျခဲ့ပါတယ်။ အဲဒီအချိန်မှာ ကော်ဖီစိုက်ပျိုးချေးငွေစရိတ်မှာ တစ်ဧကလျှင် ၈၀၀၀၀ မှ ၁၀၀၀၀၀ အထိ ချေးခွင့်ပြုကြောင်း သိရှိရပါတယ်။ ဒါပေမယ်လို့ အခုအချိန်မှာ ကော်ဖီတစ်ဧက စိုက်ပျိုးစရိတ်မှာ ၁၇ သိန်းမှ  သိန်း ၂၀ အထိ ကုန်ကျလျက်ရှိကြောင်း သိရှိရပါတယ်။ ကော်ဖီ စရိတ်မှာ စတင်စိုက်ပျိုးချိန်မှ အသီးသီးချိန်အထိ ၄ နှစ်ကာလ ကုန်ကျစရိတ်မှာ တစ်ဧကလျှင်ပျမ်းမျှ သိန်း ၃၀ မှ သိန်း ၄၀ အထိ ကုန်ကျကြောင်း သိရှိရပါတယ်။

လေးစားအပ်သော ဥက္ကဋ္ဌကြီးခင်ဗျား။ ထို့ကြောင့် ခေတ်နှင့်လျော်ညီသော စိုက်ပျိုးစရိတ် ချေးငွေများကို ကုန်ကျစရိတ်များကို တိုးမြှင့်ချေးယူခွင့်ရှိ၊ မရှိနှင့် ထွက်ရှိလာသော ကော်ဖီစေ့များကို နိုင်ငံခြားသို့ တင်ပို့ရာမှာ ဈေးကောင်းရရှိရေးအတွက် အရည်အသွေးထိန်းသိမ်းခြင်း (Quality control) ပြုလုပ်ရန် နိုင်ငံတကာအသိအမှတ်ပြု အသင်းအဖွဲ့အစည်း မြန်မာနိုင်ငံတွင်မရှိသေး ကြောင်း သိရှိရပါတယ်။ ကော်ဖီစိုက်ပျိုးထုတ်လုပ်သော အခြားနိုင်ငံများမှာ  ICO (International  Coffee Organization) သို့ ဝင်ရောက်ထားကြောင်း  သိရှိရပါတယ်။ ICO သို့ဝင်ရောက်ထားမှသာ ကော်ဖီအဆင့်အတန်းမီထုတ်လုပ်ခြင်းနှင့် ကမ္ဘာ့ဈေးကွက်နှင့်အမီ တင်ပို့ရောင်းချနိုင်မည် ဖြစ်ပါတယ်။  မြန်မာနိုင်ငံတွင် နိုင်ငံတကာအသိအမှတ်ပြု ကော်ဖီအသင်းအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းထားရာ လိုအပ် သည်ဟု ထင်မြင်ယူဆမိပါသည်။ ထို့ကြောင့် ကျွန်တော်မေးလိုသည့် မေးခွန်းသုံးခုမှာ (၁) ကော်ဖီ စိုက်ပျိုးသည့်  တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ပေးနိုင်ခြင်းရှိ၊ မရှိ၊ (၂) နိုင်ငံတော် တွင် နိုင်ငံတကာအသိအမှတ်ပြု ကော်ဖီအသင်း အဖွဲ့အစည်းဖွဲ့စည်းပေးနိုင်ခြင်းရှိ၊ မရှိနှင့် (၃) ကော်ဖီ စိုက်ပျိုးထုတ်လုပ်သူများ နစ်နာမှုမရှိစေရေးအတွက် ကမ္ဘာ့ပေါက်ဈေးအတိုင်းရရှိနိုင်ရန် နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိသိရှိလိုကြောင်း မေးမြန်းပါသည်။