(ဃ)-မင်းတပ်မြို့တွင် ရှေးဟောင်းပစ္စည်းပြတိုက် အဆောက်အဦ ဆောက်လုပ်ပေးနိုင်ရန် အခွင့်အလမ်း ရှိ၊ မရှိ၊ ရှိပါက မည်သို့ဆက်သွယ်ဆောင်ရွက်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ချင်းပြည်နယ် မင်းတပ်ခရိုင် အတွင်းမှာရှိတဲ့ မြို့နယ်များအတွင်းမှာ ရှေးမြန်မာတိုင်းရင်းသားအချို့ရဲ့ အဝတ်အစား၊ ရိုးရာ အသုံးအဆောင်ပစ္စည်းများ အထိုက်အလျောက်ကျန်ရှိနေဆဲဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ရှေးဟောင်းပစ္စည်း ရောင်းဝယ်ခြင်းလုပ်ငန်းဖြစ်ပေါ်လာတဲ့အတွက် ရှေးဟောင်းပစ္စည်းများနှင့် ရိုးရာ အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အစားများ တိမ်ကောပျောက်ကွယ်လုမတတ် တွေ့ရှိရပါတယ်။ မင်းတပ်ခရိုင်အတွင်း အထူးသဖြင့် ပျူခေတ်အသုံးအဆောင်များလို့ ထင်မြင်ယူဆရတဲ့ ရှေးဟောင်း ပစ္စည်းအချို့ တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ ရှေးဟောင်းရိုးရာ အဝတ်အစားများဖြစ်တဲ့ လည်ဆွဲပယင်း ပုတီးတွေ၊ ခြူလုံးခါးပတ်များနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းများဖြစ်တဲ့ ဆေးရိုးဆေးတံများ၊ လေး၊ မြား၊ လှံ၊ ဓား၊ ငွေဒင်္ဂါး၊ ကြေးဒင်္ဂါးများစသည်တို့ကိုလည်း တွေ့မြင်နေရပါတယ်။ ပျူကျောက်စာများအရ မင်းတပ်ခရိုင်မှာ နေထိုင်လျက်ရှိကြတဲ့ တိုင်းရင်းသားအချို့ရဲ့ စကားများဟာ ပျူစကားအချို့နှင့်တူညီ နေကြောင်း လက်ရှိအထောက်အထားရှိတာရယ်၊ ပျူခေတ်က ကျောက်ပြားကြီးများတည်ပြီးတော့ အဲဒီကျောက်ပြားများအောက်မှာ အရိုးအိုးတွေထားရှိသလိုပဲ မင်းတပ်ခရိုင်အတွင်းမှာလည်းပဲ ရှေးကတည်ထားခဲ့တဲ့ ကျောက်ပြားကြီးများနဲ့ အဲဒီကျောက်ပြားတွေရဲ့အောက်မှာ အရိုးအိုးတွေကို ကျေးရွာများမှာ တွေ့မြင်နေရဆဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အသုံးအဆောင်ပစ္စည်းများ၊ သမိုင်း အထောက်အထားများ၊ အရိုးအိုးများ စနစ်တကျစုဆောင်းထားရှိနိုင်ရန် လိုအပ်လာပါတယ်။ ချင်းပြည်နယ်မှာ ယဉ်ကျေးမှုဌာနနှင့် ယဉ်ကျေးမှုဆိုင်ရာအဆောက်အဦကို ဟားခါးတစ်မြို့တည်းမှာပဲ ဆောက်လုပ်ပေးတာတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ အဲဒီဖော်ပြခဲ့တဲ့ ရှေးဟောင်းအသုံးအဆောင် ပစ္စည်းများနှင့် အထောက်အထားများ ထိန်းသိမ်းထားရှိနိုင်ရန်နှင့် ပြသနိုင်ရန်အတွက် ချင်းပြည်နယ်၊ မင်းတပ်ခရိုင် မင်းတပ်မြို့မှာ ရှေးဟောင်းပစ္စည်းပြတိုက် အဆောက်အဦ ဆောက်လုပ်ပေးနိုင်ရန် အခွင့်အလမ်း ရှိ၊ မရှိနှင့် အခွင့်အလမ်းရှိပါက ဘယ်လိုဆက်သွယ်ဆောင်ရွက်ရမည်ကို သိလိုကြောင်း မေးမြန်းပါသည်။