(ခ)- ဘဏ်ချေးငွေများ ပြန်လည်ကောက်ခံမှုနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများသို့ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများထုတ်ချေးရာတွင် မိုးရာသီဘဏ်ချေးငွေအတွက် ပြန်လည်ပေးဆပ်ရမယ့် နောက်ဆုံး ရက်ကို နောက်နှစ်မတ်လ  ၃၁ ရက်လို့ဌာနရဲ့ ညွှန်ကြားစာ ပူးတွဲဇယားမှာ ဖော်ပြထားတာကို လေ့လာ တွေ့ရှိရပါတယ်။ ဘဏ်ချေးငွေစာချုပ်များတွင်လည်း တစ်နှစ်အတွင်း ပေးဆပ်ရမယ်လို့ ဖော်ပြထား ကြောင်းတွေ့ရှိရပါတယ်။ သို့သော်လည်းပဲ မိုးရာသီချေးငွေအမှန်တကယ် ပြန်လည်ကောက်ခံရာမှာ မြို့နယ်ဘဏ်ခွဲအသီးသီးက လွန်ခဲ့သော ခုနစ် နှစ်ခန့်မှစ၍ နှစ်စဉ် သတ်မှတ်ချက်ထက်၊ သတ်မှတ်တဲ့ ရက်ထက် တစ်လခန့်ကြိုတင်၍ နောက်နှစ် ဖေဖော်ဝါရီ ၁၅ ရက် သို့မဟုတ် ၂၀ ရက် အတွင်းအပြေ အကြေပေးသွင်းစေခဲ့သဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများမှ မဖြစ်မနေ ပေးဆပ်ခဲ့ကြပါကြောင်း လေ့လာသိရှိရပါတယ်။ ယခုလို မိုးရာသီဘဏ်ချေးငွေကို နောက်ဆုံးရက် ဖေဖော်ဝါရီ ၁၅၊ ၂၀ ရက်အတွင်း မဖြစ်မနေပေးသွင်းစေခြင်းဖြင့် အချို့ ပဲစိုက်တောင်သူများမှာ ပဲစင်းငုံ၊ ကုလားပဲ၊ သီးနှံရိတ်သိမ်းဆဲကာလဖြစ်ခြင်း၊ ရာသီဥတုအခြေအနေ၊ လုပ်အားအခြေအနေတွေ ကြောင့် ရိတ်သိမ်းရန် စောင့်ဆိုင်းဆဲကာလဖြစ်ခြင်းတို့ကြောင့် ငွေပေါ်သီးနှံဖြစ်တဲ့ ပဲစင်းငုံ၊ ကုလားပဲ၊ သီးနှံများ လှိုင်လှိုင်မပေါ်သေးတဲ့ကာလနှင့် ကြုံလျက်ရှိပါတယ်။ ဘဏ်ချေးငွေ ပေးဆပ်နိုင်ရေး အတွက် ပဲသီးနှံပေါ်ချိန် ရက်ပိုင်း၊ လပိုင်းအလိုကာလမှာပင် သီးနှံကြိုတင်ပေးယူ၍ ပေးဆပ်ရခြင်း၊ ပြင်ပမှငွေတိုးနှုန်း၁၀၀လျှင် ၈ ကျပ်၊ ၁၀ အထိ ငွေတိုးဖြင့် ချေးငှားပေးဆပ်ကြရခြင်းစတဲ့ အခက်အခဲ များနှင့် နစ်နာမှုများကြုံတွေ့ နေကြရပါတယ်။ ယခုကဲ့သို့မိုးရာသီ ဘဏ်ချေးငွေကို နောက်ဆုံးပေးဆပ် ရမည့် သတ်မှတ်ရက်ထက် တစ်လခန့်ကြိုတင်၍ မဖြစ်မနေ ကောက်ခံပေးသွင်းစေခဲ့သဖြင့် နိုင်ငံတော် ဘက်မှတစ်လတာဘဏ်တိုးငွေ နစ်နာမှုရှိခဲ့သလို တောင်သူလယ်သမားများ ဘက်မှလည်းပဲ ပြင်ပ ငွေရှင်၊ ကြေးရှင်များကို ကြီးမားတဲ့အတိုးငွေ ပေးလိုက်ရတဲ့အတွက် နိုင်ငံတော်ရဲ့စေတနာနဲ့ ဆောင်ရွက်ပံ့ပိုးပေးသော သက်သာတဲ့အတိုးနှုန်းကို မခံစားကြရတော့သလို ဖြစ်ပြီးတော့ နိုင်ငံတော်နဲ့ တောင်သူလယ်သမား နှစ်ဦးနှစ်ဖက်လုံး နစ်နာမှုများရှိနေတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ယခုနှစ်ထုတ်ချေးပေးထားတဲ့ မိုးရာသီသီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများပြန်လည်ကောက်ခံခြင်းမှစ၍ အပြေအကြေပေးဆပ်ရမယ့်နောက်ဆုံးရက်ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ မြို့နယ်ဘဏ်ခွဲ အသီးသီးရှိဘဏ်ခွဲများမှ မတ်လ ၃၁ ရက် သို့မဟုတ် မတ်လတတိယပတ်အထိ စောင့်ဆိုင်းကောက်ခံ ပေးနိုင်ရေးကို ပဲစိုက်တောင်သူများ၏ အခက်အခဲနှင့် နစ်နာမှုများရှေးရှုပြီးတော့ စီစဉ်ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။