(စ)-ရန်ကုန်မြို့တော်တွင် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း နေ့စဉ်တိုး၍ ချိုးဖောက်နေမှုများ၊ ဟွန်းမတီးရ အမိန့်များကြောင့် ယာဉ်အန္တရာယ်များပို၍ဖြစ်နေခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တော်ဖြစ်တဲ့ ရန်ကုန်မှာ လူဦးရေ ၆ သန်းခန့် နေထိုင်ပြီး နေ့စဉ် မော်တော်ယာဉ်မျိုးစုံအပါအဝင် လူအများ ရှုပ်ထွေးစွာသွားလာနေ၍ နေရာအတော်များများမှာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိနေပါတယ်။ အငှားတက္ကစီယာဉ် များ၊ ဘတ်စ်ကားလိုင်းများ၊ လူငယ်အများစုမောင်းနှင်တဲ့ ကိုယ်ပိုင်မော်တော်ယာဉ်များနှင့် ခြေလျင် လမ်းသွားများဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို မလိုက်နာဘဲ အရှိန်ပြင်းစွာမောင်းခြင်း၊ တစ်စီးနှင့်တစ်စီး အပြိုင်မောင်းခြင်း၊ လမ်းလုမောင်းခြင်း၊ ကြားဖြတ်ဝင်ခြင်းတို့ကြောင့် ယာဉ်တိုက်ခိုက် မှုများ၊ အသက်ဆုံးရှုံးမှုများ ထိခိုက်ဒဏ်ရာရမှုများ၊ ယာဉ်ထိခိုက်ပျက်စီးမှုများ တစ်နေ့တခြားတိုး၍ တိုး၍ ဖြစ်ပေါ်လျက်ရှိနေပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ထုတ်ထားတာအများကြီး ရှိသော်လည်းပဲ ထိန်းသိမ်းကြီးကြပ်မှုအားနည်းသဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှု များ များနေရခြင်းဖြစ်ပါတယ်။ ဖမ်းဆီးအရေးယူမှုများ များစွာရှိသော်လည်း ဖမ်းဆီးအရေးယူမှုထက် လွတ်သွားတဲ့အမှုပေါင်းက အများကြီးရှိနေပါတယ်။ အထူးသဖြင့် ရန်ကုန်မှာဆိုလို့ရှိရင် စည်ကားတဲ့ ရွှေဂုံတိုင် မီးပွိုင့်တို့၊ တာမွေမီးပွိုင့်တို့မှာ ယာဉ်ထိန်းရဲများရှေ့မှာပင် စည်းကမ်းတွေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်တယ်။ လမ်းတွေလုမောင်းတယ်။ ကျော်ဝင်တယ်။ အစဉ်အတိုင်းမသွားဘဲနဲ့ မီးပွိုင့်ကိုလုမောင်းတယ်။ အဲဒါတွေဟာ ယာဉ်ထိန်းရဲတွေရှေ့မှာ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ အခုရှိ နေတဲ့ ယာဉ်ထိန်းရဲများရဲ့ အရေအတွက်နဲ့ ရန်ကုန်မြို့မှာ ယာဉ်များနဲ့ အရေအတွက်နဲ့နှိုင်းယှဉ်လို့ရှိရင် ယာဉ်ထိန်းရဲရဲ့ အရေအတွက်က အလွန်အားနည်းနေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ မြောက်ဥက္ကလာပမှာဆိုရင်လည်း မကြာခဏယာဉ်တိုက်မှုများဖြစ်ပြီးတော့ ထိခိုက်မှုများ အများကြီး ရှိခဲ့ပါတယ်။ မယ်လမုဘုရားရှေ့မှာရှိတဲ့ လမ်းဆုံမှာဆိုလို့ရှိရင် မကြာခဏ ယာဉ်တိုက်မှုတွေဖြစ် ပြီးတော့ အသက်ဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါတယ်။ ပြီးခဲ့သော တစ်လက ကျွန်တော်တို့ ြမောက်ဥက္ကလာပ မြို့နယ် NLD က မြို့နယ်ညီလာခံကော်မရှင်ဥက္ကဋ္ဌရဲ့ သမီးနဲ့မြေးဟာဆိုလို့ရှိရင် မယ်လမုဘုရားရှေ့နား မှာ Light Truck ကားတစ်စီးဟာ တိုက်ပြီးတော့ ထွက်ပြေးသွားတာ အခုဆိုလို့ရှိရင် မြေးဖြစ်သူ ၁၃ နှစ် သားကလေးဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်အာရုံကြောမှာ သတိမရသေးဘဲ ရှိနေ ပါတယ်။ တိုက်ပြီးတော့ ထွက်ပြေးသွားတဲ့ Light Truck ကားကတော့ အခုထိ အစဖော်လို့ မရသေး တာရှိနေပါတယ်။ အထူးသဖြင့် လိုင်းဘတ်စ်ကားများဟာ မှတ်တိုင်များမှာ ရပ်ချင်သလိုရပ် ထွက်ချင် သလိုထွက်ပြီးတော့ နောက်ကလာနေတဲ့ ယာဉ်ကို မစောင့်ဘဲ မှတ်တိုင်များမှ ဇွတ်အတင်းထွက်တဲ့ အခါမှာ ဟွန်းမတီးရ အမိန့်ထုတ်ထားတဲ့အတွက် ပိုမိုအန္တရာယ်ဖြစ်နေရပါတယ်။ ဟွန်းမတီးရ ကန့်သတ်ချက်နဲ့ပတ်သက်ပြီးတော့ အနည်းငယ် တင်ပြလိုပါတယ်။ ဟွန်းမတီးရကန့်သတ်ချက်ဟာ ဟွန်းသံဆူညံမှုကို တားဆီး၍ တိတ်ဆိတ်ငြိမ်သက်မှုကို ဖြစ်ပေါ်စေသဖြင့် အလွန်ကောင်းမွန်သော သတ်မှတ်စည်းကမ်းချက်ဖြစ်ပါတယ်။ သို့ရာတွင် ဟွန်းမတီးရအမိန့်သည် စည်းကမ်းလိုက်နာမှု အားကောင်းသော နေရာများတွင်သာ အံ့ဝင်ပြီး စည်းကမ်းလိုက်နာမှုအားနည်းတဲ့ နေရာများမှာ ယာဉ်အန္တရာယ်များကို ပိုမိုဖြစ်စေနိုင်တာကို တွေ့ရှိနေရပါတယ်။ ဟွန်းမတီးရ အမိန့်ထုတ်ထားသော ဧရိယာအတွင်းမှာ ဟွန်းတီးရန်မလိုတဲ့အခြေအနေများ ဖန်တီးပေးရန်လိုအပ်ပါတယ်။ ထို့ကြောင့် မလိုအပ်ဘဲ ဟွန်းမတီးရ။ စည်းမဲ့ကမ်းမဲ့ ဟွန်းမတီးရဟူ၍သာ အမိန့်ထုတ်သင့်ပါတယ်။ တချို့နေရာ တွေမှာဆိုရင် လုံးဝဟွန်းမတီးရမယ့် အခြေအနေတွေရှိနေပါတယ်။ အဲဒီနေရာတွေကတော့ အဲဒီ ဟွန်းမတီးရ သတ်မှတ်ထားတဲ့ နယ်ြမေကို ပိုင်းခြားစိစစ်သတ်မှတ်ပြီးတော့ စည်းကမ်းများ တင်းတင်း ကြပ်ကြပ် ပြဋ္ဌာန်းသင့်ပါတယ်။ ဒီနေရာတွေကတော့ ဆေးရုံကြီးတွေ၊ သာသနာ့ရိပ်သာတွေ၊ စာသင် ကျောင်းတွေနေရာတွေမှာ ဇုန်အလိုက်တားမြစ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ အဲဒီနေရာတွေမှာ ဟွန်းတီးမယ်ဆိုရင်တော့ ပြတ်ပြတ်သားသား ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကျွန်တော်ပြောလိုတာက လုံးဝဟွန်းမတီးရ အမိန့်အစား ခုနက တင်ပြသလို မလိုအပ်ဘဲ ဟွန်းမတီးရ။ စည်းမဲ့ကမ်းမဲ့ ဟွန်းမတီးရဆိုတဲ့ ကန့်သတ်ချက်ကို သတ်မှတ်သင့်ပါတယ်။ ကျွန်တော်မေးမယ့် မေးခွန်းကတော့ ရန်ကုန်မြို့တော်မှာ အခုလို လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း များကို နေ့စဉ်လိုလို တိုး၍တိုး၍ ချိုးဖောက်နေမှုနှင့် ယာဉ်တိုက်ခိုက်မှုများ သေကြေပျက်စီးမှုများ တိုး၍တိုး၍ ဖြစ်ပေါ်နေခြင်း စည်းကမ်းထိန်းသိမ်းကြပ်မတ်မှု အားနည်းနေခြင်းနှင့်ပတ်သက်ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ မည်သို့မည်ပုံ စီမံချက်များ ချမှတ်ဆောင်ရွက် ပေးနိုင်မည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။