(င)-နာဂဒေသမြို့နယ်များတွင် ဘိန်းစိုက်ပျိုးနေမှု တိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသမြို့နယ်များဖြစ်တဲ့ လဟယ်မြို့နယ်အတွင်း  ယမ်းကြုံးဂွင်၊ ကြူယမ်းဂွင်နှင့် နန်းယွန်းမြို့နယ် တံခါးဒေသချောင်းဘေးတွေမှာ ကချင်ပြည်နယ် နယ်စပ်မှာရှိတဲ့ ရှင်ဘွေယန်ချောင်းဘေးတစ်လျှောက်တွေမှာ ဘိန်းများစိုက်ပျိုးပြီးတော့မှ ထုတ်လုပ် စားသုံးနေတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့မှ မေးခွန်းမေးမြန်းတင်ပြသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နာဂတိုင်းရင်းသားများဟာ တခြားတိုင်းရင်းသားများနှင့် နှိုင်းယှဉ်လို့ရှိရင် လူနေမှုအဆင့်အတန်း နိမ့်ကျနေသေးတဲ့အပြင် ပညာရေးအဆင့်အတန်းပါ နိမ့်ကျနေသေးတဲ့ တိုင်းရင်းသား မျိုးနွယ်စုဖြစ်ပါ တယ်။ မြန်မာစကားပုံအရ နူနေပါတယ်ဆိုမှ ဝဲစွဲဆိုသလိုပဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် အဓိကတာဝန်ရှိတဲ့ အဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်များရဲ့ နားလည်မှုတွေ၊ ခွင့်လွှတ်ပေးမှု အပေါ်မှာ အကြောင်းပြုပြီးတော့မှ ဘိန်းစိုက်ခင်းများကို လွတ်လပ်စွာစိုက်ပျိုးခြင်း၊ စားသုံးခြင်းတို့ ကြောင့် နောက်ဆက်တွဲပြဿနာများဖြစ်တဲ့ လုပ်အားဆုံးရှုံးခြင်း၊ သားသမီးများရဲ့ ပညာရေးမှာ အားပေးမှုနည်းပါးခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားမှုအားနည်းခြင်း တို့ကြောင့် နာဂဒေသတိုင်းရင်းသားလူငယ်များအတွက် စိုးရိမ်ရပါတယ်။ သို့ဖြစ်ပါ၍ ဘိန်းစိုက်ခင်းများကို တားဆီးဖျက်ဆီးပေးခြင်း၊ သုံးစွဲသူများ၊ ရောင်းဝယ်သူများကို တိကျစွာအရေးယူပေးခြင်း၊ ဘိန်းအစား ထိုးသီးနှံစိုက်ပျိုးသွားနိုင်ရေးအတွက် ဖန်တီးပေးခြင်း၊ ပညာပေးဆွေးနွေးမှုများ ပြုလုပ်ပေးခြင်း၊ ဘိန်းစိုက်ခင်းတိုက်ဖျက်ရေးကို စီမံကိန်းချလုပ်ဆောင်ပေးခြင်းများဖြင့် ဒေသခံတိုင်းရင်းသားများ နောင်ရေးအတွက် ဖန်တီးပေးရန် လိုအပ်ကြောင်း တင်ပြလိုပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော့်အနေနဲ့ နာဂဒေသမြို့နယ်များအတွင်း ဘိန်းစိုက်ပျိုးမှုများကို တိုက်ဖျက်နိုင်ရန်အတွက် သက်ဆိုင်ရာမှ အရှိန်အဟုန်မြှင့် လုပ်ဆောင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းပါသည်။