(င)-အထက်ချင်းတွင်း ဒေသကောလိပ်ဖွင့်လှစ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ဟုမ္မလင်းမြို့ဟာ အထက်ချင်းတွင်းဒေသမှာ အချက်အချာကျတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့မှာ လေကြောင်း ခရီးစဉ်ရှိပေမယ့် အများစုကတော့ လေကြောင်းလိုင်းကို အသုံးမပြုနိုင်ကြပါဘူး။ ရေကြောင်းလမ်းကိုပဲ အသုံးပြုသွားလာနေကြရပါတယ်။ ဟုမ္မလင်းမြို့ဟာ လူဦးရေ ၁၈၀၀၀၀ သာရှိပေမယ့် ဧရိယာ အကျယ်အဝန်းဟာ ကယားပြည်နယ်နီးပါးကျယ်ဝန်းပါတယ်။ မြို့နယ်အတွင်းမှာ ရှမ်းတိုင်းရင်းသား အများစုနေထိုင်ပြီး မြို့နယ်ရဲ့စီးပွားရေးဟာလည်းအတော်အသင့်ဖွံ့ဖြိုးပါတယ်။ အထက်ချင်းတွင်းဒေသ တွင် လူဦးရေဟာ ရှမ်းတိုင်းရင်းသား၊ နာဂတိုင်းရင်းသားများအပါအဝင် ၄၅၀၀၀၀ ခန့်ရှိပါတယ်။ ဒေသကောလိပ်တစ်ခု ဖွင့်လှစ်ခွင့်ရရှိရေးဟာ ဒေသအတွင်းမှ ဒေသခံနာဂတိုင်းရင်းသားများနဲ့ ရှမ်းတိုင်းရင်းသားတို့ရဲ့ အိမ်မက်တစ်ခုပဲဖြစ်ပါတယ်။ နှစ်စဉ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတဲ့ ကျောင်းသူ၊ ကျောင်းသားများ ၃၅၀၀ခန့် ပျမ်းမျှရှိပါတယ်။ နှစ်စဉ်အောင်မြင်သူ ပျမ်းမျှ ၉၀၀ ခန့် ရှိပါတယ်ခင်ဗျား။ စီးပွားရေး အခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် နာဂ တောင်တန်းမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ပြီးသူ စုစုပေါင်း ၁၀၀၀ ကျော်အနက်မှ ၃၀ ရာခိုင်နှုန်း ခန့်သာ တက္ကသိုလ်ပညာရေးကို ဆက်လက်သင်ယူနိုင်ပါတယ်။ မြေပြန့်ဒေသမှာတော့ ခန္တီး၊ ဖောင်းပြင်၊ ဟုမ္မလင်းတို့မှာ သင်ယူနိုင်တဲ့ရာခိုင်နှုန်းဟာ ၈၀ ရာခိုင်နှုန်းလောက် တက်ရောက်သင်ယူနိုင်ကြ ပါတယ်။ အထက်ချင်းတွင်းဒေသရဲ့ ဟုမ္မလင်းမြို့မှာ ကောလိပ်တစ်ခုဖွင့်လှစ်ပေးမယ်ဆိုပါက ဘွဲ့ရပညာတတ်များ ဒေသတွင်းမှာ ယခုထက် ပိုမိုများပြားလာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒေသကောလိပ်တစ်ခုဖွင့်လှစ်နိုင်ရေးကို နိုင်ငံတော်မှ စဉ်းစားပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။