(ဂ)-မောက်မယ်မြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံ၏ ဆေးရုံဝန်ထမ်းအင်အား ခန့်ထားခြင်း နှင့် စပ်လျဉ်းသည့်မေးခွန်း
ကျွန်တော် တို့ မောက်မယ်မြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံနှင့် ပတ်သက်၍ ယခင်က မြို့နယ်ဆရာဝန်၊ လက်ထောက် မြို့နယ်ဆရာဝန်၊ သွားဘက်ဆိုင်ရာဆရာဝန်နဲ့ ဓာတ်မှန်ကျွမ်းကျင်များ ဦးစားပေးခန့်ထားပေးပါရန် တောင်းဆိုတင်ပြခဲ့ဖူးပါတယ်။ ယခုအခါ မြို့နယ်ဆရာဝန်၊ သွားဘက်ဆိုင်ရာဆရာဝန်နဲ့ ဓာတ်မှန် ကျွမ်းကျင်တို့ အသီးသီးရောက်ရှိတာဝန်ထမ်းဆောင်နေကြပြီဖြစ်ပါတယ်။ သို့ရာတွင် လက်ထောက် မြို့နယ်ဆရာဝန် မရှိသေးပါသဖြင့် မြို့နယ်ဆရာဝန်ကြီးမှ ခွင့်ခံစားသောအချိန်၊ တာဝန်အရခရီး ထွက်ခွာချိန်များတွင် မြို့နယ်အနေနှင့် ကျန်းမာရေးဆိုင်ရာအခက်အခဲများ ဆက်လက်ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ ထို့အပြင် ဆေးရုံဆိုင်ရာတာဝန်များကို ထမ်းဆောင်ကြမည့် အောက်ခြေအဆင့်ဆင့် ဝန်ထမ်းပေါင်း ၄၃ နေရာခန့် လစ်လပ်နေဆဲဖြစ်ပါသဖြင့် အောက်ပါမေးခွန်းများကို လွှတ်တော်မှ တစ်ဆင့် ရိုသေစွာမေးမြန်းအပ်ပါတယ်ခင်ဗျား။ မေးခွန်း(၁) မောက်မယ်မြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံ၏ လက်ထောက်မြို့နယ်ဆရာဝန် ခန့်ထားရေးအတွက် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင် မည်နည်း။ မေးခွန်း(၂)မောက်မယ်မြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံ၏ ခွဲဝေဝန်ထမ်းအင်အားများကို ယခုအစိုးရသစ်လက်ထက်တွင် မည်ကဲ့သို့ ပြန်လည်ခန့်ထားပေးမည်နည်းကို မေးမြန်းပါသည်။