(ဆ)-ပညာရေးကောလိပ် သင်တန်းဆင်း လက်ရှိဘွဲ့ရ အထွေထွေ ကျောင်းလုပ်သားများ မူလတန်း၌ သင်ကြားရေး တာဝန်ယူထားရသော ဆရာ/ဆရာမများအဖြစ် ရာထူးတိုးမြှင့် တာဝန်ပေးနိုင်ပါရန် နှင့် စပ်လျဉ်းသည့်မေးခွန်
ကျွန်တော်တို့ လပွတ္တာမြို့နယ်မှာ ပညာရေးဌာနရဲ့ မူလတန်းဆရာဆရာမများလိုအပ်ချက်ကို ၂၀၀၃ ခုနှစ်၊ ဇွန်လမှာ ဆွဲခန့်ဆရာအဖြစ်လည်းကောင်း၊ အထွေထွေ ကျောင်းလုပ်သားသင်ကြားရေးအဖြစ်လည်းကောင်း ခေါ်ယူခဲ့ပါတယ်။ အဲဒီလို ခေါ်ယူခဲ့တဲ့အတွက် ဒေသမှာရှိတဲ့ ဘွဲ့ရလူငယ်မောင်မယ်များဟာ ဒီပညာရေးမူလတန်းဆရာအဖြစ် ဝင်ရောက်ပြီးတော့ လျှောက်ထားခဲ့ကြပါတယ်။ အဲဒီလို လျှောက်ထားရာမှာ ဆွဲခန့်ဆရာဆိုတာကတော့ မရေရာမသေချာဘူး။ အထွေထွေကျောင်းလုပ်သားသင်ကြားရေးကတော့ ရာထူးတိုးတက်မှုရှိနိုင်တယ် ဆိုပြီးတော့ အထွေထွေကျောင်းလုပ်သားသင်ကြားရေးဝန်ထမ်းနေရာကို ဦးစားပေးပြီးလျှောက်ထားခဲ့ ပါတယ်။ လျှောက်ထားရာမှာလည်း တစ်နှစ်ကြာလို့ရှိရင် မူလတန်းပြအဖြစ် အဆင့်တိုးမြှင့်ပေးမယ်။ ဆက်လက်ပြီး အလယ်တန်းပြ၊ B.Ed ဝင်ခွင့်တွေဖြေလို့ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝင်ရောက် လျှောက်ထားခဲ့သော်လည်း ၂၀၀၄ ခုနှစ်၊ ၂၀၀၅ ခုနှစ်အထိ ၂ နှစ်ကြာတဲ့အထိ ရာထူးတိုးမြှင့်ခြင်း မခံရတဲ့အချိန်မှာ ၂၀၀၅ ခုနှစ်၊ မေလမှာ ပညာရေးကောလိပ်သင်တန်းတက်ရောက်ပြီးရင် ရာထူး တိုးမြှင့်ပေးမယ်ဆိုလို့ မြောင်းမြပညာရေးတက္ကသိုလ်အပတ်စဉ် (၂၆) မှာသွားရောက်ပြီးတော့ သင်တန်းတက်ပါတယ်။ ဒါ့အပြင် သင်ကြားရေးအထောက်အကူပြုသင်တန်းတွေ၊ ဘာသာရပ်ဆိုင်ရာ သင်တန်းတွေလည်း ထပ်မံတက်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်အထိ ရာထူးတိုးမြှင့်ခံရခြင်းမရှိခဲ့ပါဘူး။ နာဂစ်ဖြစ်တဲ့အချိန်မှာ နာဂစ်ဒေသမှာလိုအပ်တဲ့ ဆရာဆရာမများ နေရာတွေကိုလည်း အစားထိုးပြီး သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ သို့သော်လည်း ရာထူးတိုးမြှင့်ခြင်းမရှိခဲ့ပါဘူး။ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လမှာတော့ မြို့နယ်ပညာရေးဌာနရဲ့ လစဉ်အစည်းအဝေးမှာ မူလတန်းပြအဖြစ်ရာထူး တိုးမြှင့်ပေးမယ်။ အထွေထွေကျောင်းလုပ်သားသင်ကြားရေးတွေ လျှောက်လွှာခေါ်မယ်။ လျှောက်လွှာ တင်ပါဆိုပြီး လျှောက်လွှာ ရောင်းလို့ဝယ်ပြီးတော့ လျှောက်လွှာတင်ခဲ့ကြရပါသေးတယ်။ အဲဒီအချိန် မှာပဲ တချို့ကတော့ အထွေထွေကျောင်းလုပ်သားကနေ မူလတန်းဆရာအဖြစ်တိုးမြှင့်ခြင်းခံရတယ်။ တိုးမြှင့်ခံရတဲ့ မူလတန်းဆရာတွေက တချို့အလယ်တန်းပြတွေဖြစ်တယ်။ တချို့ B.Ed တွေဖြစ်ကြ ပါတယ်။ သို့သော် ကျွန်တော် နယ်မြေကို အတွေ့အကြုံရှင်းလင်းပွဲသွားစဉ်က အထွေထွေကျောင်း လုပ်သား ၃၀၊ ၄၀ လောက်က သူတို့တော့ ရာထူးတိုးမြှင့်ခြင်း မခံရသေးတဲ့အတွက် ကူညီပေးပါ။ လုပ်သက်လည်း ၁၀ နှစ်လောက်ရှိပါပြီ။ သူတို့ကို လက်ရှိ ပညာသင်နှစ်မှာ ပြောကြတာကတော့ နောက်ထပ်ပညာရေးကောလိပ်ကို ထပ်ပြီးတော့ တက်ရပါမယ်။ တက်တော့မှသာ ရာထူးတိုးမယ်လို့ ပြောတဲ့အခါမှာ လုပ်သက် ၁၀ နှစ်လောက်ရှိပြီ။ မူလကလည်း ပညာရေးကောလိပ် အပတ်စဉ်(၂၆) တက်ထားပြီးပြီ။ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သင်တန်း တွေလည်း တက်ထားတဲ့ အထွေထွေကျောင်း လုပ်သားသင်ကြားရေးက ဆရာဆရာမများဟာ များစွာနစ်နာတယ်လို့ ယုံကြည်မိတဲ့အတွက် အောက်ပါမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်မေးလိုတဲ့ မေးခွန်း ကတော့ ပညာရေးကောလိပ်သင်တန်းတက်ရောက်ပြီး လက်ရှိဘွဲ့ရ အထွေထွေကျောင်းလုပ်သား မူလတန်းပြသင်ကြားရေးတာဝန်ယူထားတဲ့သူများအား မူလတန်း ဆရာဆရာမများအဖြစ် ရာထူးတိုးမြှင့် ပေးနိုင်ရန် အစီအစဉ်ရှိ၊မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ပညာသင်နှစ်တွင် တိုးမြှင့်ပေးနိုင်မည် ဖြစ်ပါကြောင်းသိလိုသည့်အတွက် မေးမြန်းပါသည်။