(ည)လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် စာအုပ်ရိုက်နှိပ်ထုတ်ဝေပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း
(ည)-လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် စာအုပ်ရိုက်နှိပ်ထုတ်ဝေပေးရန် မည်မျှအချိန်ယူရပါမည်နည်းနှင့် အစိုးရ၏ ပုံနှိပ်တိုက်မှ ကြာမည်ဆိုလျှင် ပြင်ပပုံနှိပ်တိုက်များတွင် အပ်နှံဆောင်ရွက်ရန် ရှိ/မရှိနှင့် အဆိုပါမှတ်တမ်းများအား မည်သည့် အချိန်တွင် တောင်သူလယ်သမားများလက်သို့ ပေးအပ်နိုင်ပါမည်နည်း နှင့် စပ်လျဉ်းသည့် မေးခွန်း။
လယ်ယာမြေလုပ်ပိုင်ခွင့် ကိစ္စနှင့်ပတ်သက်လို့ မေးမြန်းသွားမှာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော် တစ်ဆက်တစ်စပ်တည်း ၆-၁၁-၂၀၁၂ မှာ ပဉ္စမပုံမှန်အစည်းအဝေးမှာ အဆိုတစ်ရပ်တင်သွင်းခဲ့ပါတယ်။ ဒီအဆိုကတော့ လယ်ယာမြေကို အာမခံထားပြီးတော့ ကျပ်တစ်သိန်းနှင့် အခြားဘဏ်များကနေပြီးတော့ ချေးပေးဖို့ ဆိုပြီးတော့ ကျွန်တော်အဆိုတစ်ရပ်တင်သွင်းခဲ့ပါတယ်။ ဒီအဆိုကိုလည်းပဲ ကျွန်တော်တို့ ချေးပေးနိုင် မယ့် အခြေအနေရှိကြောင်းနှင့် ဒီလယ်ယာမြေ ပိုင်ဆိုင်မှုလက်မှတ်ကိုလည်းပဲ လယ်ယာနဲ့ စိုက်ပျိုးရေး ဝန်ကြီးက ထုတ်ပေးမယ့်အကြောင်း ပြောကြားပြီးတော့ ကျွန်တော်တို့ မှတ်တမ်းတင်ခဲ့ပါတယ်။ ဒါနဲ့ တစ်ဆက်တစ်စပ်တည်းပဲ ဒါ ထုတ်ပေးနိုင်ဖို့အတွက် နောက်ဆက်တိုက်ထပ်မံပြီးတော့ ကျွန်တော်တို့ ဒီမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါတယ်။ ဒီမှာ အဓိကကျတာက ဒီနေ့တောင်သူလယ်သမားများ ခံစားနေရတဲ့ ကိစ္စအဝဝမှာ ရာသီဥတုဒဏ်ကြောင့် သီးနှံဈေးနှုန်းများ အဆမတန်ကျဆင်းနေမှုကြောင့် ဒဏ်ခံနေရတဲ့ အချိန်မှာ နိုင်ငံတော်အနေနဲ့ တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနိုင်မယ်ဆိုရင် တောင်သူ လယ်သမားများအတွက် ထွက်ပေါက်၊ အသက်ရှူပေါက်ရမှာဖြစ်တဲ့အတွက် ဒါလေးကို တိုက်တွန်းတဲ့ အနေနဲ့ မေးခွန်းမေးမြန်းရခြင်း ဖြစ်ပါတယ်။ ဒီငွေချေးဖို့ဆိုတာ ဘဏ်အနေနဲ့ အာမခံမပါဘဲ ချေးလို့ မရပါဘူး။ အာမခံဖြစ်တဲ့အတွက် လယ်ယာမြေပိုင်ဆိုင်မှုကို လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးဌာနက လုပ်ကိုင်ပေးမှသာလျှင် အလျင်အမြန် လုပ်ကိုင်ပေးမှသာလျှင် တောင်သူလယ်သမားများအတွက် အထိုက်အလျှောက် အကျိုးရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီမေးခွန်းမေးလိုတာကတော့ ဒီနေ့ ဒီလယ်ယာမြေလုပ်ပိုင်ခွင့်နှင့်ပတ်သက်လို့ လုပ်ပိုင်ခွင့်စာအုပ် ရိုက်နှိပ်ထုတ်ဝေမည်မှာ မည်မျှအချိန် ယူရပါမည်နည်း။ မည်သည့်နေ့ရက်အချိန်ကာလတွင် ပြီးစီးပါမည်နည်း။ အစိုးရပုံနှိပ်တိုက်မှ ကြာမည် ဆိုလျှင် ပြင်ပပုံနှိပ်တိုက်များတွင် အပ်နှံထုတ်ဝေရန်ရှိ၊ မရှိ။ တိုင်းဒေသကြီးအလိုက်၊ မြို့နယ်အလိုက် အဆိုပါမှတ်တမ်းများအား မည်သည့်အချိန်တွင် တောင်သူလယ်သမားများ၏ လက်သို့ပေးအပ်နိုင်ပါ မည်နည်း။ အချိန်ကြန့်ကြာမည်ဆိုလျှင် မည်သည့်အတွက်ကြောင့် ကြန့်ကြာသွားမည်နည်းဆိုတဲ့ မေးခွန်းကို မေးမြန်းခြင်း ဖြစ်ပါသည်။