(က)-ပင်စင်ခံစားမည်‌့အသက်တိုးမြှင်‌့ပေးရန်နှင့်စပ်လျဉ်းသည်‌့မေးခွန်း

2020-12-23

ကျွန်တော်တို့နိုင်ငံတော်မှာ နိုင်ငံ့ဝန်ထမ်းများ သက်ပြည့်အငြိမ်းစားယူခြင်းကို အသက် ၆၀ နှစ်အထိ သတ်မှတ်ထားရှိပါတယ်။ ယခုလို သတ်မှတ် ထားတဲ့ အသက် ၆၀ ဟာ နိုင်ငံ့ဝန်ထမ်းတစ်ဦးအတွက် ကျန်းမာရေး၊ စီးပွားရေး၊ ဘာသာရေးတို့အရ လျော်ကန်သင့်မြတ်တာ မှန်ပါတယ်။ သို့ပါသော်လည်း ကျွန်တော်တို့နေထိုင်ရာ ရွှေပြည်သာမြို့နယ် အပါအဝင် အခြားတိုင်းဒေသကြီး၊ ပြည်နယ် နှင့် မြို့နယ်အသီးသီးမှာ ယနေ့ကြုံတွေ့နေရတဲ့ အခြေအနေများအရ ပြည်သူ့ဆန္ဒကို တင်ပြသွားမှာဖြစ်ပါတယ်။ ဒါကတော့ အသက် ၆၀ ပြည့်တဲ့ နိုင်ငံ့ဝန်ထမ်းများဟာ နိုင်ငံတော်က သက်ပြည့်ပင်စင်ခံစားခွင့်ပေးလိုက်သော်လည်း စီးပွားရေးအရ စားဝတ်နေရေးအတွက် လိုအပ်မှု၊ ကျန်းမာရေးအရ သင့်တော်ကောင်းမွန်မှုတို့ကြောင့် အလုပ်အကိုင် ပြန်လည်ရှာဖွေနေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ယနေ့ ရန်ကုန်တိုင်း ဒေသကြီးမှာ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းကို အခမဲ့ဝန်ဆောင်မှုပေးနေတာမို့ နိစ္စဓူဝ ကူညီ ဖြေရှင်းပေးနေရတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ အလုပ်လုပ်ကိုင်နေသူ တော်တော်များများဟာ အသက် ၆၀ နှင့် ၆၅ နှစ်အကြား အမျိုးသမီးအနည်းငယ်နှင့် အမျိုးသားအများစုဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ် များကို ကာလပိုမို အသုံးချခွင့်ရရှိဖို့ သူတို့ရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုများကို နိုင်ငံတော် အတွက်ရယူနိုင်ဖို့အတွက် အသက် ၆၀ ပြည့် သော်လည်း ကျန်းမာရေးကောင်းမွန်ပြီး တာဝန်ဆက်လက်ထမ်းဆောင်ဖို့ဆန္ဒရှိသူများကို နှစ်အတိုင်းအတာ တစ်ခုအထိ တာဝန်ဆက်လက်ပေးမယ်ဆိုရင် နိုင်ငံတော်အတွက်သော်လည်းကောင်း၊ ဝန်ထမ်းမိသားစု များအတွက်သော်လည်းကောင်း အကျိုးတရားများရရှိမယ်လို့မျှော်လင့်ပါတယ်။ ဒီအတွက် ကျွန်တော် မေးမြန်းမယ့် ကြယ်ပွင့်ပြမေးခွန်းကတော့ နိုင်ငံ့ဝန်ထမ်းများ သက်ပြည့်ပင်စင် ခံစားခြင်းကို        အသက် ၆၀ ပြည့်သည့်နေ့တွင်ခံစားရန် သက်မှတ်ထားသော်လည်း အသက် ၆၀ ပြည့်သည့် အချိန်အထိ ကျန်းမာရေးကောင်းမွန်၍ စွမ်းဆောင်ရည်ရှိနေသေးပြီး စားဝတ်နေရေးအခြေအနေ ကလည်း အလုပ်ဆက်လက်လုပ်ကိုင်ဆောင်ရွက်ရန်ဆန္ဒရှိတဲ့ ပုဂ္ဂိုလ်များအတွက် သီးခြားသက်ပြည့် ပင်စင်ခံစားမည့် အသက်ကိုတိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သည့် အသက်အထိ သတ်မှတ်ထားပြီး၊ မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းပါသည်။