(ခ)-မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ရည်မှန်းချက်တာဝန်များအောင်မြင်စေရန် တပ်ဖွဲ့တိုးချဲ့ဖွဲ့စည်းခြင်းကို လွှတ်တော် များနှင့် ပြည်သူလူထုတစ်ရပ်လုံးမှဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-23

 

ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့နဲ့ဆက်သွယ်ပြီးတော့ ဆောင်ရွက်ရပါတယ်။ ဒီနေရာမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပတ်သက်လို့ မိုးပွင့်စီမံချက်များ နှင့် ၂၀၁၄ ခုနှစ်မှာပြုလုပ်မည့် သန်းခေါင်စာရင်းကောက်ယူမှုများကို လုပ်သားပြည်သူများနှင့် လွှတ်တော် ကိုယ်စားလှယ်များသိဖို့အတွက် မေးမြန်းပေးပြီးဖြစ်ပါတယ်။ ယနေ့ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လာမည့်နှစ်ဘတ်ဂျက်မှာသုံးစွဲထားတဲ့ ရဲတပ်ဖွဲ့ကို နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်လို့ လုပ်သားပြည်သူများရော၊ လွှတ်တော်ကိုယ်စားလှယ် များရောသိစေလိုတဲ့အတွက်ကြောင့် ဒီမေးခွန်းကိုမေးမြန်းခြင်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၂၉ မှာ ပြည်ထောင်စုအစိုးရဟာ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ပါပါတယ်။ အလားတူပုဒ်မ ၂၂၇ မှာ ပြည်ထောင်စု အစိုးရဟာဥပဒေနှင့်အညီ ပြည်ထောင်စုဆိုင်ရာဝန်ထမ်းဆိုင်ရာအဖွဲ့အစည်းများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်လို့ပါပါတယ်။ အဲ့လိုဖွဲ့စည်းတဲ့အခါမှာ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်တွေကို သတ်မှတ်ပေးပြီးတော့ လိုအပ်တဲ့ဝန်ထမ်းတွေခန့်ဖို့လည်းပါပါတယ်။ ပုဒ်မ ၂၂၈ မှာ နိုင်ငံတော်ရဲ့ အခြေအနေ အရပ်ရပ်နှင့်စပ်လျဉ်းပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို အခါအားလျော်စွာတင်ပြရ မည်လို့ပါပါတယ်။ ဆိုလိုတာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေနှင့် ပြည်သူတွေက အစိုးရရဲ့ လုပ်ဆောင်ချက်တွေကိုသိဖို့တင်ပြစေချင်တာဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ နိုင်ငံတော်အနေနဲ့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ဖြစ်ဖို့ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင် တဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ အရေးကြီးဆုံးက တရားဥပဒေစိုးမိုးရေးဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးရှိမှသာလျှင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေထိန်းနိုင်မှာဖြစ်ပါတယ်။ ဒီ့အတွက် အမှန် တကယ်လိုအပ်တဲ့အဖွဲ့အစည်းကတော့ ရဲတပ်ဖွဲ့ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့အင်အားများတိုးချဲ့ခြင်းကို ကျွန်တော်တို့ကြိုဆိုပါတယ်။ သို့သော် လာမည့်ကာလမှာလုပ်မည့် ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန် များကို ပြည်သူများကိုလည်းသိစေချင်ပါတယ်။ အလားတူ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း သိစေချင်တဲ့အတွက်ကြောင့် ဒီမေးခွန်းကိုမေးမြန်းခြင်းဖြစ်ကြောင်း တင်ပြလိုပါတယ်။ ကျွန်တော့်အနေနဲ့ မေးမယ့်မေးခွန်းကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပေးအပ်ထားတဲ့ရည်မှန်းချက်တာဝန်တွေကို အောင်မြင်စွာထမ်းဆောင်နိုင်ဖို့အတွက် တပ်ဖွဲ့တိုးချဲ့ဖွဲ့စည်းခြင်းကိုဆောင်ရွက်လျက်ရှိရာမှာ အဆိုပါ ရည်မှန်းချက်တာဝန်များ အောင်မြင်စေရေး လွှတ်တော်များနှင့် ပြည်သူလူထုတစ်ရပ်လုံးမှာဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက် ရှင်းလင်းဖြေကြားပေးနိုင်ပါရန် မေးမြန်းပါသည်။