(ခ) အင်းလေးကန်ထိန်းသိမ်းရေး အတွက် ရန်ပုံငွေ ခွဲဝေသုံးစွဲမှုနှင့် စပ်လျဉ်းသည့်မေးခွန်း
အင်းလေးကန်ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေများ ထိန်းသိမ်းရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်မှ နှစ်ရှည်စီမံကိန်းများဆောင်ရွက်နေကြောင်း ကြားသိရပါတယ်။ နိုင်ငံတော်မှလည်း ဒီမိုကရေစီဖော်ဆောင်နိုင်ရေးအတွက် ပြည်သူများကဏ္ဍစုံမှ ပူးပေါင်းပါဝင်လာနိုင်စေရန် ကောင်းမွန်သောမူဝါဒများချမှတ်ခဲ့ပါတယ်။ ယခုအခါအင်းလေးဒေသ တွင် သောက်သုံးရေသန့်ရရှိရေးအဖွဲ့၊ ချမ်းမြသာစည်ရပ် နဂါးပွက်ကျောင်း၊ အင်းလေးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ညောင်ရွှေ)၊ အဲဆားလူဂဲအဖွဲ့(ဂါလေး)၊ မေတ္တာရှင်နာရေးကူညီမှုအဖွဲ့(နန်းပန်)၊ မီးအိမ်ရှင်လူမှုကူညီရေးအဖွဲ့(သပြေပင်)စသည့် လူမှုရေးအဖွဲ့အစည်းများဖွဲ့စည်း၍ ဒေသအတွင်း အကျိုးပြုလုပ်ငန်းများဆောင်ရွက်လျက်ရှိကြပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့လမ်းညွှန်မှုဖြင့်လည်း ပြည်သူ့ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများ၊ လုပ်ငန်းပေါင်းစုံမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဦးစီးအရာရှိများပါဝင်သော အင်းလေးဒေသလုံးဆိုင်ရာ ဒေသဖွံ့ဖြိုး ရေးကော်မတီကိုလည်း ဖွဲ့စည်းပြီးဖြစ်ပါတယ်။ အင်းလေးကန်ထိန်းသိမ်းရေးအတွက် ဒေသခံ ပြည်သူလူထုနဲ့ပူးပေါင်းပြီး နှစ်ရှည်စီမံကိန်းတစ်ခုကိုလည်း နော်ဝေနိုင်ငံအစိုးရရဲ့ ကူညီပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်းသိရပါတယ်။ သို့ဖြစ်ပါ၍ ဒေသခံပြည်သူ များရဲ့ကိုယ်စား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးလိုတဲ့မေးခွန်းမှာ (၁) အင်းလေးကန် ထိန်းသိမ်းရေးအတွက် ရန်ပုံငွေများကို မည်သို့သောအဖွဲ့အစည်းသို့ မည်ကဲ့သို့အတိုင်းအတာ ဖြင့်ချမှတ်၍ မည်သည့်နေရာများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို ရှင်းလင်းစွာ သိလိုပါတယ်။ (၂) အင်းလေးကန်ဒေသအတွင်းရှိ လူမှုရေးအဖွဲ့များသို့ ရန်ပုံငွေတိုက်ရိုက်ချမှတ် သုံးစွဲနိုင်ခွင့်ရှိလျှင် မည်ကဲ့သို့သောစည်းမျဉ်း၊ စည်းကမ်းများဖြင့်ရန်ပုံငွေရရှိရေးကို လျှောက်လွှာ တင်သွင်းရမည်ကိုသိရှိလိုပါတယ်။ (၃) နိုင်ငံတော်၏မူဝါဒအရ ဗဟိုထိန်းချုပ်မှုလျှော့ချ၍ ဖွဲ့စည်း ထားရှိပြီးဖြစ်သော အင်းလေးဒေသလုံးဆိုင်ရာဒေသဖွံ့ဖြိုးရေးကော်မတီသို့ ရန်ပုံငွေအချို့ကို ခွဲဝေ သုံးစွဲခွင့်ပြုနိုင်၊ မပြုနိုင်သိရှိလိုပါကြောင်း မေးမြန်းပါသည်